မြိတ်မြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မြိတ် စက်တင်ဘာ ၁၆

 

၂၀၂၆ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြင်းမိုရ်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်လွင်က အမှာစကား ပြောကြားသည်။ ထို့နောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ၏ သဝဏ်လွှာဗီဒီယို၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) ၏ ပညာပေးဗီဒီယို၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဗီဒီယိုတို့ကို ပြသသည်။

 

ဆက်လက်၍ မြိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိသန္တာက အိုဇုန်းလွှာထိခိုက်ပျက်စီးခြင်း၏ အကျိုးသက်ရောက်မှုများ၊ အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရန် နည်းလမ်းများကို အသိပညာပေးပြောကြားသည်။

 

 ထို့နောက် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

ခိုင်ထူး(ပြန်/ဆက်)