မြိတ် ဩဂုတ် ၆
တနင်္သာရီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမင်းမင်းလတ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဩဂုတ် ၆ ရက် နံနက်ပိုင်းက မြိတ်မြို့သန့်ရှင်းသာယာလှပရေးနှင့် ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဆောင်ရွက်မည့်လုပ်ငန်းများ၊ ပြည်သူများ၏ လိုအပ်ချက်များကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးနှင့်အဖွဲ့သည် မြိတ်မြို့၏ သမိုင်းဝင်ကန်တော် မင်္ဂလာသန့်ရှင်းသာယာလှပရေးနှင့် အဆင့်မြှင့်တင်ရေး လျာထားဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ရေပုန်းရပ်ကွက်၊ နောက်လယ်ရပ်ကွက်နှင့် ဆိပ်ငယ်ရပ်ကွက်တို့တွင် ဆောင်ရွက်ထားသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မြိတ်တောင်ချောင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် ချောင်းအတွင်း အမှိုက်များနှင့်နုန်းမြေများ တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မြိတ်တောင်ကျေးရွာ ဒေသခံပြည်သူများ၏ ကွန်ကရစ်လမ်းသစ် လိုအပ်လျက်ရှိသည့် အင်းလေးမြိုင်ရပ်၊ မြဇီဇဝါလမ်း၊ နဂါးနီလမ်း၊ ပဒုမ္မာ (၁)လမ်း၊ တရုတ်တန်းရပ် အေးချမ်းဖြူစင်လမ်းသွယ်၊ ကုန်းဖောက်ရပ် ပြည်သာယာလမ်းတို့ကို သွားရောက်၍ ဒေသခံများအား တွေ့ဆုံဆွေးနွေးပြီး စန္ဒဝတ်ကျေးရွာအုပ်စုရှိ ရွာသစ်ကျေးရွာတွင် စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်ကန်ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းမင်းလတ်သည် မြိတ်မြို့သန့်ရှင်းသာယာလှပရေး အတွက် ပုဂ္ဂလိကအမှိုက်သိမ်းဆည်းရေး ဝန်ဆောင်မှုလုပ်ငန်းအား တင်ဒါခေါ်ယူဆောင်ရွက်ရန် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)


