မြိတ်ခရိုင်ကျွန်းအခြေပြု ခရီးသွားလုပ်ငန်းကို ဇန်နဝါရီလ ဒုတိယပတ်တွင်ဒေသတွင်း ဧည့်သည်များဖြင့် စတင်မည်ဟုဆို

မြိတ်၊ ၁ ဇန်နဝါရီ 

ဇန်နဝါရီလဒုတိယပတ်တွင် စတင်ဖွင့်လှစ်တော့မည့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဒုံးကျွန်းပေါ်တွင်ရှိသော ဒုံးညောင်းမှိုင်းကျေးရွာ၌ ကျွန်းအခြေခံသည့်ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism- CBT) ကိုဒေသတွင်း ခရီးသွားဧည့်သည်များဖြင့် စတင်သွားမည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်အချို့ထံမှ သိရသည်။

မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းများမှာပင်လယ် ကမ်းခြေလှပမှုများ သဘာဝပေါက်ရောက်နေသည့် သစ်ရေတောများ၊ ရေပေါ်ရေအောက် သယံဇာတများ၏ လှပမှုများကြောင့်မြိတ်ကျွန်းစုသို့ ပြည်တွင်း၊ပြည်ပနှင့်ဒေသတွင်း ခရီးသွားဧည့်သည်များ လည်ပတ်မှုများသည့် ကျွန်းများတွင် အခြေခံအဆောက်အဦများ ဆောင်ရွက်လျက်ရှိပြီး ဒုံးညောင်းမှိုင်းကျေးရွာတွင်ရပ်ရွာ အခြေပြု ခရီးသွားလုပ်ငန်းကို ဒီဇင်ဘာလအတွင်း ဖွင့်လှစ်ရန်စီစဉ်ခဲ့သော်လည်း အ ကြောင်းအမျိုးမျိုးကြောင့် ဇန်နဝါရီလဒုတိယပတ်သို့ ရွှေ့ဆိုင်းခဲ့ပြီး ယခုအခါရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်၍ မကြာမီဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြိတ်ခရိုင်ခရီး သွားလုပ်ငန်းရှင်များ အသင်းက တာဝန်ရှိသူတစ်ဉီး၏ ပြောဆို ချက်အရသိရသည်။

"အဓိကလိုအပ်ချက်က ကိုဗစ် - ၁၉ ကာလဖြစ်နေတော့ ဒေသတွင်းကခရီးသွား ဧည့်တွေ့နဲ့စတင်သွားပါမယ်။ အရင်ကဒီဇင်ဘာလမှာဖွင့်ဖို့ စီစဉ်ထားပေ့မယ့် ပြီးစီးမှုမရှိသေးတဲ့အတွက် ယခု ၂၀၂၁ ခုနှစ် ဇန်နဝါရီလဒုတိယအပတ်မှာ ဖွင့်လှစ်ဖို့နိုင်ဖို့ စီစဉ်ထားပါတယ် " ဟုမြိတ်ခရိုင် ခရီးသွားလုပ်ငန်း ရှင်များအသင်းဥက္ကဌ ဒေါက်တာ သိန်းဆွေမြင့်က ပြောသည်။

အဆိုပါကျွန်းကို အခြေခံသည့်ရပ်ရွာ အခြေပြု ခရီးသွားလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ အတွင်းတွင် ဖွင့်လှစ်နိုင်ရန်အတွက် ဒီဇင်ဘာလအတွင်းက တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျွန်းစုမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတာဝန်ရှိသူများ၊ မြိတ်ခရိုင် ခရီးသွား လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ကျွန်းများသို့မြေပြင်ကွင်းဆင်းသွားရောက် စစ်ဆေးခဲ့ကြပြီး၊ ယင်းမြိတ်ကျွန်းစု၏ ခရီးသွားလုပ်ငန်းမှာ ကျွန်းကိုအခြေပြုသော ခရီးသွားလုပ်ငန်းတစ်ခုဖြစ်သည့်အတွက် ခရီးသွားတွေ အနေဖြင့်သွားရောက်လည်ပတ်တဲ့အခါ၌ ကျွန်းပေါ်မှာအပန်းဖြေစခန်းများတွင် တရားဝင်ခွင့်ပြုထားတာမရှိ၍ယခင်က ညအိပ်နားနေလို့မရခဲ့ပေမယ့် ယခု နှစ်ဇန်နာဝါရီလအတွင်းမှာ ပထမဆုံးဖွင့်လှစ်မယ့် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism- CBT) ကို ဖွင့်လှစ်ပြီးပါက ပြည်တွင်း/ ပြည်ပကခရီးသွားဧည့်သည်များ သွားရောက်အပန်းဖြေ ညအိပ်နားနေနိုင်တော့မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဉီးက ပြောကြားသည်။

ယခုအခါ ဒုံးကျွန်းပေါ်ရှိ ဒုံးညောင်းမှိုင်း ခရီးစဉ်သည့်ကျွန်းကို အခြေခံသည့်ပထမဉီးဆုံး ရပ်ရွာ ခရီးသွားလုပ်ငန်းတစ်ခုဖြစ်လာသည့်အတွက် ဒေသခံပြည်သူများလည်း အလုပ်အကိုင်အခွင့် အလမ်းများရရှိအောင် ဖန်တီးပေးနိုင်ရန်အတွက် စီစဉ်နေကြောင်း ရပ်ရွာအခြေပြုခရီးသွား လုပ် ငန်းကော်မတီအဖွဲ့ဝင် ဉီးဖိုးဇော်က ပြောပြသည်။

မြိတ်ခရိုင်အတွင်းရှိ ကျွန်းပေါ်တွင်ရပ်ရွာ အခြေပြု ခရီးသွားလုပ်ငန်းကို ဆောင်ရွက်နေသော ဒုံးညောင်းမှိုင်း ကျေးရွာတွင် ခရီးသွားဧည့်သည်တွေ အနေနဲ့ ဆလုံလူမျိုး၊ ကရင်လူမျိုး၊ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ လူမှုဘဝ နေထိုင်မှုပုံစံတွေကို ပြည်တွင်း၊ ပြည်ပနှင့်ဒေသတွင်းမှ ခရီးသွားဧည့်သည့်များ အနေဖြင့်လေ့လာနိုင်မည့်အပြင် အဆိုပါကျွန်းပေါ်တွင် စက်ဘီးစီးခြင်း၊ ရေကူးခြင်းများအပြင် ဒေသသုံးလှေငယ်များဖြင့် သဘာဝအလျောက် ပေါက်ရောက်နေသည့် ဒီရေတောများကိုလေ့လာခြင်း၊ ငါးမျှားခြင်း၊ ငါးဖမ်းလှေများနှင့်လိုက်ပါ၍ ငါးဖမ်းခြင်းလုပ်ငန်းများကို လည်းလေ့လာနိုင်ခြင်းစသည့် အစီအစဉ်များလည်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မြင့်ဉီး(မြိတ်)