ရန်ကုန် ဩဂုတ် ၁၄
၂၀၂၆-၂၀၂၇ ရာသီ MNL ပြိုင်ပွဲမစတင်မီ ရာသီကြို ကွင်းဖွင့်ပွဲ (MFF Charity Shield 2026) ကို သြဂုတ် ၂၅ ရက် ညနေ ၅ နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး ပြီးခဲ့သည့်ရာသီ MNL အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် MNL League Cup ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ရာသီကြိုကွင်းဖွင့်ပွဲကို နှစ်ကာလအတန်ကြာ ကျင်းပနိုင်ခြင်းမရှိရာမှ ယခုရာသီတွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။ ရာသီကြိုကွင်းဖွင့်ပွဲကို ၂၀၁၂ ရာသီမှ ၂၀၂၀ ရာသီအထိ ကိုးရာသီဆက်တိုက် ကျင်းပခဲ့ပြီး ကျင်းပပြီးစီးခဲ့သည့် ကိုးကြိမ်တွင် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက် အသင်းက သုံးကြိမ်စီ၊ ဧရာဝတီအသင်းက နှစ်ကြိမ်၊ မကွေးအသင်းက တစ်ကြိမ် ဗိုလ်စွဲထားသည်။ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက် တက်အသင်းသည် ပြီးခဲ့သည့်ရာသီတွင် သုံးကြိမ်တွေ့ဆုံရာ MNL League Cup ဗိုလ်လုပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး အမှတ်ပေးပြိုင်ပွဲ နှစ်ကျော့စလုံး ဂိုးမရှိသရေကျခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းသည် ရာသီသစ်တွင် ပြည်တွင်းပြိုင်ပွဲများအပြင် နိုင်ငံတကာပြိုင်ပွဲများလည်း ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် လက်ရွေးစင်အဆင့် ပြည်တွင်းကစားသမားများ အင်အားဖြည့်တင်းထားသလို နိုင်ငံခြားသားကစားသမားများလည်း အပြိုင်အဆိုင်ခေါ်ယူထားသည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-စိုးညွန့်သော်


