မြေပြင်ပကတိအခြေအနေမှန်နှင့် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်မှုရှိစေရေး စနစ်တကျစိစစ်တင်ပြရန်လိုကြောင်း နိုင်ငံတော်သမ္မတက မကြာခဏမှာကြားလျက်ရှိသည်။ မှားယွင်းနေသည့် ကိန်းဂဏန်းအချက်အလက် (Data) များက ဆုံးဖြတ်ချက်များကို လွဲမှားစေမည်ဖြစ်ပြီး အောင်မြင်မှုမရှိသည့်မူဝါဒများ ထွက်ပေါ်လာစေနိုင်သည်။
‘‘နိုင်ငံတော်တွင် ခေတ်အဆက်ဆက်ကဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများကို ပြန်ပြောင်းလေ့လာကြည့်မည်ဆိုပါက စီးပွားရေးကျဆင်းမှုကို အဓိကအခြေခံ၍ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်ကို သမိုင်းမှတ်တမ်းများတွင် တွေ့မြင်နိုင်ကြောင်း၊ သို့ဖြစ်၍ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် ပကတိအခြေအနေမှန်များကို မှန်မှန်ကန်ကန်ဖြင့် တင်ပြကြရန်လိုကြောင်း၊ တင်ပြသည့် ကိန်းဂဏန်းအချက်အလက်များကို အခြေခံတွက်ချက်၍ နိုင်ငံစီးပွားတိုးတက်မှုရှိစေရေးစီမံချက်များ၊ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် မြေပြင်ပကတိအခြေအနေမှန်နှင့် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်မှုရှိစေရေး စနစ်တကျစိစစ်တင်ပြကြရန်လိုကြောင်း’’ သြဂုတ် ၂၅ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
ပြည်ပစီးပွားရေးအင်အားကြီးနိုင်ငံများ၊ နိုင်ငံအုပ်စုများက နိုင်ငံရေးအရ ဖိအားပေး၍ တားဆီးမှု၊ ပိတ်ဆို့မှုများ ပြုလုပ်ခြင်း၊ မူဝါဒများ မှားယွင်းချမှတ်ခြင်း စသည်တို့ကြောင့် စီးပွားရေးကျဆင်းမှု ပြင်းပြင်းထန်ထန်ဖြစ်လာသည့်အခါ နိုင်ငံတွင် မတည်မငြိမ်မှုများ ဖြစ်ပေါ်လေ့ရှိသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများရေးဆွဲသည့်အခါ မှန်ကန်သည့် ကိန်းဂဏန်းအချက်အလက်များ မဖြစ်မနေလိုအပ်သော်လည်း ဒေသအလိုက်၊ ကဏ္ဍအလိုက် အခြေအနေမှန်နှင့် ကိန်းဂဏန်းအချက်အလက်မှန်များ တင်ပြရမည့် တာဝန်ရှိသူများက မမှန်မကန်တင်ပြခြင်းအားဖြင့် အမှားများကို ဆင့်ကဲဆင့်ကဲဖြစ်ပေါ်စေသည်။ အချက်အလက်များမမှန်ကန်မှုကြောင့် ဆုံးဖြတ်ချက်များမမှန်ကန်၊ ဆုံးဖြတ်ချက်များ မမှန်ကန်မှုကြောင့် မူဝါဒများ မမှန်မကန်ဖြစ်စေသည်။ မူဝါဒအမှားများက နိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပေါ်စေမည့်အစား ငွေကြေးဖောင်းပွမှု၊ အလုပ်လက်မဲ့နှုန်းမြင့်မားမှုနှင့် နိုင်ငံ့စီးပွားရေး ဆုတ်ယုတ်ကျဆင်းမှုတို့ကို ဖြစ်ပေါ်စေနိုင်သည်။
ကိန်းဂဏန်းအချက်အလက်မှန်များသည် ပကတိအခြေအနေမှန်ကို ပေါ်လွင်စေပြီး အားနည်းချက်ရှိသည့်နေရာကို ထောက်ပြနိုင်သည်။ ငွေကြေးကို အမှန်တကယ်လိုအပ်သည့် နေရာများတွင် သုံးစွဲနိုင်ပြီး လေလွင့်ဆုံးရှုံးမှုများကို လျှော့ချပေးနိုင်သည်။ အကျိုးအမြတ်အများဆုံးရနိုင်သည့် လမ်းကြောင်းကို ရွေးချယ်နိုင်သည်။ မူဝါဒတစ်ခု၏တိုးတက်မှုကို ကိန်းဂဏန်းဖြင့် စောင့်ကြည့်နိုင်သည်။ လုပ်ငန်းစဉ်အောင်မြင်၊ မအောင်မြင်ကို နှိုင်းယှဉ်နိုင်သည်။ လိုအပ်ပါက အချိန်မီပြုပြင်ပြောင်းလဲနိုင်သည်။
အရည်အသွေးပြည့်ဝပြီး မှန်ကန်သော ကိန်းဂဏန်းအချက်အလက်များသည် ပကတိအခြေအနေကို ထပ်တူပြဆိုနိုင်ပြီး အမှားအယွင်းကင်း၍ တိကျမှန်ကန်မှုရှိသည်။ လိုအပ်သောကိန်းဂဏန်း အချက်အလက်များ ကွက်လပ်ကျန်ခဲ့ခြင်းမရှိဘဲ ပြည့်စုံမှုလည်းရှိသည့်အပြင် လက်ရှိအချိန်အခါနှင့်ကိုက်ညီပြီး ခေတ်နောက်မကျသော ကိန်းဂဏန်းအချက်အလက်များ ဖြစ်ရမည်ဖြစ်သည်။ စနစ်တစ်ခုနှင့်တစ်ခု သို့မဟုတ် နေရာအမျိုးမျိုးတို့တွင် ဖော်ပြထားသော အချက်အလက်ဒေတာများသည် အပြန်အလှန်ဆန့်ကျင်မနေဘဲ ကိုက်ညီရန်လိုသည်။ ခိုင်မာသည့်စစ်တမ်းများ၊ သုတေသနများနှင့် တရားဝင်အရင်းအမြစ်များမှ ရရှိထားခြင်းလည်း ဖြစ်ရန်လိုသည်။
မိမိတို့နိုင်ငံသည် ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ကိုဗစ် - ၁၉ ကပ်ရောဂါပျံ့နှံ့မှု၊ နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုနှင့် လက်နက်ကိုင်ပဋိပက္ခများ စသည်တို့ကြောင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်မှုများဖြစ်ပေါ်စေခဲ့သည်။ လက်ရှိကာလတွင်လည်း နိုင်ငံတကာတွင် ဖြစ်ပေါ်နေသည့် အကျပ်အတည်းများ၊ပင်လယ်ကွေ့ဒေသ ပဋိပက္ခစသည်တို့မှ ဖြစ်ပေါ်လာသည့် အကျိုးဆက်များကြောင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနေရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စတင်အရှိန်ယူဆောင်ရွက်ရာတွင် ဆုံးဖြတ်ချက်များ မှန်ကန်ရန်နှင့် မူဝါဒများ မှားယွင်းမှုမဖြစ်ပေါ်စေရန် အရေးကြီးသည်။
သို့ဖြစ်ရာ အဆင့်အလိုက်တာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် ပကတိအခြေအနေမှန်များကို မှန်မှန်ကန်ကန်တင်ပြကြရမည်ဖြစ်သကဲ့သို့ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်ရေးကိုလည်း စနစ်တကျတင်ပြကြရပါမည့်အကြောင်း။


