ဒေါက်တာခင်စန္ဒာလွင် (မွေး/ကု)
“မြေတစ်လက်မချင်းစီကို တန်ဖိုးထား၊ တိရစ္ဆာန် တစ်ကောင်ချင်းစီကို စနစ်တကျမွေးမြူ၊ အစား အစာ တစ်နပ်ချင်းစီကို အာဟာရပြည့်ဝစေကာ မိမိတို့ဒေသ၏ စားနပ်ရိက္ခာကို မိမိတို့လက်ဖြင့် ဖန်တီးကြပါစို့”
နံနက်ခင်း၏ နေရောင်ခြည်သည် မြေပြင်ပေါ်သို့ ရွှေရောင်ခြည်များ ဖြန့်ကြက်နေချိန်တွင် လယ်သမားများသည် လယ်ယာမြေများအတွင်း လယ်ထွန်ယက်နေကြသကဲ့သို့ တစ်ဖက်၌လည်း မွေးမြူရေးသမားများသည် မိမိတို့၏ နွား၊ ဝက်၊ ကြက်၊ ဘဲ၊ ဆိတ်နှင့် ငုံးများကို အစာကျွေးမွေးခြင်း၊ ရေတိုက်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်းတို့ကို အားတက်သရော ဆောင်ရွက်နေကြသည်။
ထိုမြင်ကွင်းများသည် မြန်မာနိုင်ငံ၏ စားရေရိက္ခာဖူလုံရေးအတွက် အခြေခံအုတ်မြစ်များကို တည်ဆောက်ပေးနေသည့် အားမာန်ပြည့်ဝသော လက်တွေ့မြင်ကွင်းတစ်ရပ်ပင်ဖြစ်သည်။ လူတစ်ဦး သည် နေ့စဉ်ဘဝကိုဖြတ်သန်း၍ အလုပ်လုပ်ရန် ခွန်အားလိုအပ်သကဲ့သို့ ထိုခွန်အားကို ဖြည့်ဆည်း ပေးရန် အာဟာရပြည့်ဝသော အစားအစာများလည်း လိုအပ်သည်။ ထမင်းတစ်ပန်းကန်၊ အသား တစ်တုံး၊ ဥတစ်လုံး၊ နို့တစ်ခွက်တို့သည် သာမန်စားသောက်စရာများဟု ထင်ရသော်လည်း ထိုအစား အစာများ၏နောက်ကွယ်တွင် လယ်သမား၏ ချွေး၊ မွေးမြူရေးသမား၏ ကြိုးစားအားထုတ်မှု၊ ပညာရှင် များ၏ နည်းပညာနှင့် သက်ဆိုင်ရာဌာနများ၏ ပံ့ပိုးဆောင်ရွက်မှုတို့ ပေါင်းစပ်ပါဝင်နေသည်။
ထို့ကြောင့် စားရေရိက္ခာဖူလုံရေးသည် လူတစ်ဦးချင်း၏ နေ့စဉ်ဘဝအတွက်သာမက နိုင်ငံတစ်နိုင်ငံ ၏ စီးပွားရေး၊ လူမှုရေးနှင့် အမျိုးသားလုံခြုံရေးတို့ အတွက်ပါ အရေးကြီးသော အခြေခံအုတ်မြစ် တစ်ရပ်ဖြစ်သည်။
အထူးသဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာဒေသတစ်ခုဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး သည် လူဦးရေထူထပ်မှု၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးလုပ်ငန်းများ စုစည်းတည်ရှိမှုတို့ကြောင့် စားရေရိက္ခာလိုအပ်ချက်မှာ ကြီးမားလှသည်။ နေ့စဉ်စားသုံးရန် အသား၊ ဥ၊ နို့နှင့် အခြားအာဟာရ ပြည့်ဝသော စားနပ်ရိက္ခာများကို ဒေသတွင်း ဖူလုံအောင် ဖြည့်ဆည်းပေးနိုင်ရန် ထုတ်လုပ်မှုအခြေခံ ကိုလည်း ခိုင်မာအောင် တည်ဆောက်ထားရမည် ဖြစ်သည်။
ထိုအခြေအနေတွင် “စားနပ်ရိက္ခာကို ဘယ်ကရမလဲ” ဟူသော မေးခွန်းထက် “စားနပ်ရိက္ခာကို မိမိတို့ဒေသအတွင်း မည်သို့ပိုမိုထုတ်လုပ်ကြမည်နည်း”ဟူသော မေးခွန်းကို ပိုမိုအလေးထား စဉ်းစား သင့်ပြီဖြစ်သည်။ ထိုမေးခွန်း၏ အဖြေများအနက် အရေးပါသော အဖြေတစ်ရပ်မှာ မွေးမြူရေးလုပ်ငန်း ပင် ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း စနစ်တကျဖော်ဆောင်ထားသည့် မွေးမြူ ရေးဇုန်များကို ထိရောက်စွာ အသုံးချ၍ အသား၊ နို့၊ ဥ စသည့်အာဟာရစားနပ်ရိက္ခာများကို ပိုမိုထုတ်လုပ် နိုင်ရေးသည် ယနေ့အချိန်တွင် အလေးထား ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ် ဖြစ်လာသည်။ “စားနပ်ရိက္ခာဖူလုံဖို့ မွေးမြူရေးဆောင်ရွက်စို့” ဟူသော ဆောင်ပုဒ်သည် စကားလုံးများသာမဟုတ်တော့ဘဲ ရန်ကုန်တိုင်းဒေသကြီး၏ မြေပြင်ပေါ်တွင် လက်တွေ့အကောင်အထည်ဖော်ရမည့် ရည်မှန်းချက်တစ်ရပ် ဖြစ်လာသည်။
ရန်ကုန်၏ စားနပ်ရိက္ခာအတွက်မွေးမြူရေးဇုန်များ
ရန်ကုန်မြို့ပြဒေသသည် စားသုံးသူများပြားသည့်အတွက် စားနပ်ရိက္ခာလိုအပ်ချက်လည်း ကြီးမားသည်။ ထိုလိုအပ်ချက်ကို အခြားဒေသများမှသာ အမြဲတမ်း သယ်ယူဖြည့်ဆည်းနေမည်ဆိုပါက သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်ခြင်း၊ ထုတ်ကုန်များ ပျက်စီးဆုံးရှုံးခြင်းနှင့် ဈေးနှုန်းမတည် ငြိမ်ခြင်းတို့ကို ရင်ဆိုင်ရနိုင်သည်။
ထို့ကြောင့် စားသုံးသူဈေးကွက်နှင့် နီးကပ်သော ရန်ကုန်တိုင်းဒေသကြီးအတွင်း မွေးမြူရေးထုတ်လုပ် မှုကို မြှင့်တင်ခြင်းသည် စားနပ်ရိက္ခာဖူလုံရေးအတွက် အရေးပါသည်။ ယင်းရည်ရွယ်ချက်ဖြင့် ညောင်နှစ်ပင်၊ တွံတေး၊ တိုက်ကြီးနှင့် ကော့မှူးတို့တွင် မွေးမြူရေးဇုန်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် ဖော်ဆောင်ထားခြင်းသည် ရန်ကုန်တိုင်းဒေသကြီး၏ စားနပ်ရိက္ခာထုတ်လုပ်ရေးအတွက် အားထားရမည့် အခြေခံအုတ်မြစ်များပင် ဖြစ်သည်။
ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးဇုန်— အစပြုရာအုတ်မြစ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း မွေးမြူရေး လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးလာစေရန် အရေး ပါသော နေရာတစ်ခုမှာ ညောင်နှစ်ပင်စိုက်ပျိုး မွေးမြူရေးအထူးဇုန်ဖြစ်သည်။ ညောင်နှစ်ပင်ဇုန် (၁) သည် မှော်ဘီမြို့နယ် ညောင်နှစ်ပင်ကျေးရွာ အုပ်စုတွင် တည်ရှိပြီး ဇုန်(၂)နှင့် ဇုန် (၃)တို့သည် လှည်းကူးမြို့နယ်အတွင်း တည်ရှိသည်။ ဇုန်သုံးခု၏ စုစုပေါင်းဧရိယာမှာ ၁၀၀၆၂ ဧကရှိပြီး မွေးမြူရေး ဧရိယာမှာ ၁၅၀၁ ဧကရှိသည်။
မွေးမြူရေးကွက်များ ဖော်ဆောင်ထားပြီး ကြက်၊ ဝက်၊ နွား၊ ဆိတ်၊ ဘဲ၊ ငုံး စသည့် တိရစ္ဆာန် အမျိုးမျိုးကို မွေးမြူထားရှိကာ ရန်ကုန်မြို့၏ စားသုံးသူများအတွက် အသား၊ ဥနှင့် အခြားစားနပ် ရိက္ခာများ ထုတ်လုပ်ပေးလျက်ရှိသည်။ ဇုန်တစ်ခု၏ အင်အားသည် မြေဧရိယာအကျယ်အဝန်းဖြင့်သာ မဆုံးဖြတ်နိုင်ပေ။ ထိုမြေပေါ်တွင် တိရစ္ဆာန်များကို မည်မျှ ကျန်းမာစွာ မွေးမြူနိုင်သနည်း၊ ထုတ်လုပ် မှုကို မည်မျှထိရောက်အောင် ဆောင်ရွက်နိုင်သနည်း၊ ရောဂါအန္တရာယ်ကို မည်မျှကောင်းမွန်စွာ ထိန်းချုပ် နိုင်သနည်းဆိုသည်က ပို၍အရေးကြီးသည်။ ထိုနေရာတွင် မွေးမြူရေးနှင့် ကုသရေးဝန်ဆောင်မှုများ၏ အခန်းကဏ္ဍသည်လည်း အရေးပါလာသည်။
တွံတေးမွေးမြူရေးဇုန်- မြို့ပြနှင့် ကျေးလက်ကို ချိတ်ဆက်ပေးသော လက်တံ
၂၀၂၃ ခုနှစ် ဇွန်လ ၂၅ ရက်မှ စတင်၍ တွံတေးခရိုင် တွံတေးမြို့နယ်အတွင်း မွေးမြူရေးဇုန်ကို အပိုင်းသုံးပိုင်းဖြင့် အကောင်အထည်ဖော်ခဲ့သည်။ ဇုန်သုံးပိုင်း၏ စုစုပေါင်းဧရိယာမှာ ၅၈၁ ဒသမ ၅၄ ဧကရှိပြီး မွေးမြူရေးလုပ်ငန်းရှင် ၉၉ ဦး ပါဝင် ဆောင်ရွက်လျက်ရှိသည်။ နွား၊ ဆိတ်၊ ဝက်၊ ကြက်၊ ဘဲ၊ ငုံးတို့ကို မွေးမြူထားရှိခြင်းသည် ထုတ်ကုန် အမျိုးအစားစုံလင်စွာ ထုတ်လုပ်နိုင်မည့် အခြေခံ ကောင်းတစ်ရပ်ဖြစ်သည်။ စားသုံးသူတစ်ဦး၏ စားပွဲပေါ်တွင် ဥတစ်လုံးရောက်လာရန် မွေးမြူရေး သမားတစ်ဦး၏ နံနက်စောစောထ၍ ကြက်ခြံထဲ ဝင်ရောက်စောင့်ကြည့်ရသည့် အလုပ်မှစတင်သည်။ နို့တစ်ခွက်ရရှိရန်လည်း နို့စားနွားကို အချိန်မှန် အစာကျွေး၊ ရေတိုက်၍ ကျန်းမာရေးစောင့်ရှောက် ပေးရသည်။ ထိုသို့ နေ့စဉ် လုပ်အားများစွာဖြင့် ဖန်တီးထားသည့် ထုတ်ကုန်များကို ရန်ကုန်မြို့ပြ ဈေးကွက်သို့ အချိန်မီ၊ အရည်အသွေးမပျက် ရောက်ရှိစေရန် တွံတေးကဲ့သို့သော မွေးမြူရေးဇုန် များ၏ ထုတ်လုပ်မှုနှင့် စီမံခန့်ခွဲမှုစွမ်းရည်ကို ပိုမို မြှင့်တင်သင့်သည်။
တိုက်ကြီး မွေးမြူရေးဇုန်— အနာဂတ်၏ မွေးမြူရေးအင်အား
တိုက်ကြီးမွေးမြူရေးဇုန်သည် ရန်ကုန်တိုင်းဒေသကြီး၏ အရေးပါသော မွေးမြူရေးဇုန်တစ်ခု ဖြစ်သည်။ တိုက်ကြီးမြို့မှ ရှစ်မိုင်ခန့်အကွာတွင် တည်ရှိပြီး ဧက ၂၀၀၀ နီးပါး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃ ရက်မှ စတင်အကောင်အထည်ဖော်ခဲ့ပြီး နွား၊ ဆိတ်၊ ဝက်၊ ကြက်၊ ဘဲ၊ ငုံးနှင့် နို့စားနွား စသည့် တိရစ္ဆာန်များကို မွေးမြူထားရှိကြောင်း တွေ့ရသည်။
ဧရိယာအကျယ်အဝန်းနှင့် ထုတ်လုပ်နိုင်မည့် အလားအလာအရ တိုက်ကြီးမွေးမြူရေးဇုန်သည် ရန်ကုန်တိုင်းဒေသကြီး၏ စားနပ်ရိက္ခာထုတ်လုပ်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာ နိုင်သည်။ ထိုအလားအလာကို အမှန်တကယ် ထုတ်လုပ်မှုအဖြစ် ပြောင်းလဲနိုင်ရန် အခြေခံ အဆောက်အအုံ၊ နည်းပညာ၊ တိရစ္ဆာန် ကျန်းမာရေးနှင့် ဇီဝလုံခြုံရေးတို့ကို တစ်ပြိုင်နက်တည်း အားကောင်းအောင် ဆောင်ရွက်ရန် လိုအပ်သည်။
ကော့မှူးမွေးမြူရေးဇုန် - အသစ်သောအခွင့်အလမ်း
၂၀၂၄ ခုနှစ် ဇွန်လမှစတင်၍ တွံတေးခရိုင် ကော့မှူးမြို့နယ် ဆူးကလပ်ရော်ဘာခြံအနီးရှိ မြေဧရိယာ ၁၂၄၁ ဧကကို မွေးမြူရေးဇုန်အဖြစ် ဆောင်ရွက်ခဲ့ပြီး အပိုင်း (၁)မှ အပိုင်း(၅)အထိ ခွဲခြား ဖော်ဆောင်ခဲ့သည်။ ဇုန်အပိုင်းငါးပိုင်း၏ စုစုပေါင်း ဧရိယာမှာ ၁၂၄၁ ဧကရှိပြီး မွေးမြူရေးလုပ်ငန်းရှင် ၂၁၇ ဦး ပါဝင်ကာ နွား၊ ကြက်၊ ဝက်၊ ဆိတ်၊ ဘဲ၊ ငုံး စသည့် တိရစ္ဆာန်များကို မွေးမြူထားရှိသည်။
အသစ်ဖော်ဆောင်သည့် ဇုန်ဖြစ်သည့်အတွက် အစကတည်းက ခေတ်မီစီမံခန့်ခွဲမှုစနစ်များကို ထည့်သွင်းနိုင်မည့် အခွင့်အရေးရှိသည်။ မွေးမြူရေးခြံများ၏ အကွာအဝေး၊ ရေစီးဆင်းမှု၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု၊ တိရစ္ဆာန်ကျန်းမာရေး၊ ဇီဝလုံခြုံရေးနှင့် ထုတ်ကုန်သယ်ယူပို့ဆောင်ရေးတို့ကို တစ်စု တစ်စည်းတည်းစီမံနိုင်ပါက ကော့မှူးမွေးမြူရေးဇုန်သည် အနာဂတ်တွင် စံပြမွေးမြူရေးဇုန်တစ်ခု ဖြစ်လာနိုင်သည်။
မွေးမြူရေးတိုးတက်ရေး၏ အဓိကသော့ချက် — အစာ
တိရစ္ဆာန်မွေးမြူရေးတွင် “အစာကောင်းလျှင် တိရစ္ဆာန်ကောင်း၊ တိရစ္ဆာန်ကောင်းလျှင် ထုတ်လုပ်မှုကောင်း” ဟူသည့် အခြေခံသဘော တရားကို မမေ့သင့်ပေ။ အစာကုန်ကျစရိတ် မြင့်တက်ပါက မွေးမြူရေးလုပ်ငန်းရှင်၏ ထုတ်လုပ်မှုကုန်ကျစရိတ်လည်း မြင့်တက်လာမည်။ ထိုကုန်ကျ စရိတ်သည် နောက်ဆုံးတွင် စားသုံးသူများ ဝယ်ယူစားသုံးရသည့် ဈေးနှုန်းအပေါ် သက်ရောက်လာနိုင်သည်။ ထို့ကြောင့် ဒေသတွင်းရရှိနိုင်သည့် စိုက်ပျိုးရေးထွက်ကုန်များနှင့် အစာကုန်ကြမ်းများကို ထိရောက်စွာအသုံးချ၍ အရည်အသွေး ကောင်းမွန်ပြီး ကုန်ကျစရိတ်သင့်တင့်သည့် တိရစ္ဆာန်အစာများ ထုတ်လုပ်နိုင်ရေးကို အလေးထားရမည်။
စိုက်ပျိုးရေးမှရရှိသည့် ကုန်ကြမ်းကို မွေးမြူရေးအစာအဖြစ် အသုံးပြုပြီး မွေးမြူရေးမှရရှိသည့် အညစ်အကြေးကို စိုက်ပျိုးရေးမြေဩဇာအဖြစ် ပြန်လည်အသုံးချနိုင်လျှင် စိုက်ပျိုးရေးနှင့် မွေးမြူ ရေးသည် တစ်ခုကိုတစ်ခု အားဖြည့်ပေးသည့် စက်ဝိုင်းတစ်ခုဖြစ်လာမည်။ ထိုစက်ဝိုင်းကို တည်ဆောက်နိုင်ခြင်းသည် စားရေရိက္ခာဖူလုံရေးအတွက် အလွန်တန်ဖိုးရှိသည်။
(ဆက်လက်ဖော်ပြပါမည်)


