မွေးမြူရေးစနစ်ကြောင့် ထုတ်လုပ်မှုစွမ်းအား ကွာခြားနိုင်ပုံ ခေါင်းစဉ်ဖြင့် တောင်သူနည်းပညာဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၃

 

လယ်ယာ ကုန်ထုတ်လုပ်မှုဆိုင်ရာ အတွေ့အကြုံများကို နှီးနှောဖလှယ်နိုင်ရေးနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် ကြုံတွေ့ရသော အခက်အခဲ ပြဿနာများအား ထိရောက်စွာ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဆွေးနွေးဖော်ထုတ် အဖြေရှာနိုင်စေရန် ရည်ရွယ်၍ တောင်သူနည်းပညာ ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ယနေ့တွင် (၁၂၄)ကြိမ်မြောက်အဖြစ် ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။

 

တက်ရောက်

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းက အမှာစကားပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ အောင်မျိုးသန့်က “မွေးမြူရေးစနစ်ကြောင့် ထုတ်လုပ်မှုစွမ်းအား ကွာခြားနိုင်ပုံ”ခေါင်းစဉ်ဖြင့် ဆွေးနွေးကာ ဆွေးနွေးပွဲတက်ရောက် လာကြသူများ၏ သိရှိလိုသည်များ မေးမြန်းမှုအပေါ် သက်ဆိုင်ရာ ပညာရှင်များက အသေးစိတ် ရှင်းလင်းဖြေကြားကြသည်။

 

ယနေ့ကျင်းပသည့် (၁၂၄)ကြိမ်မြောက် တောင်သူနည်းပညာ ဆွေးနွေးပွဲသို့ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ သုတေသီပညာရှင်များ၊ စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခများ၊ ဆရာ ဆရာမများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စိုက်ပျိုးရေးပညာရှင်များနှင့် တောင်သူများက zoom point ၁၁၀ မှ ပါဝင်တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်