မေလတွင်စတင်မည့် အာဆီယံကလပ်ပြိုင်ပွဲကို ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်း

မတ် ၃၀

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် COVID-19 ရောဂါကြောင့် မေလတွင် စတင်ကျင်းပရန် စီစဉ်ထားသည့် အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲကို ယခုနှစ်တွင် ပြန်လည်ကျင်းပရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲကို မေလမှ စက်တင်ဘာမှအထိ ကျင်းပရန် စီစဉ်ထားပြီး ကျင်းပမည့်ကာလရှည်ကြာနေသောကြောင့် ယခုနှစ်တွင် ပြန်လည်ကျင်းပရန် မဖြစ်နိုင်၍ တစ်နှစ်နောက်ဆုတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲကို ၂၀၀၃ နှင့် ၂၀၀၅ ခုနှစ်တွင် ကျင်းပခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်အကြာတွင် ပြန်လည်ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ သို့သော် ယခုနှစ်တွင် ဗိုင်းရပ်စ်အခြေအနေကြောင့် တစ်နှစ်ထပ်မံနောက်ဆုံးခဲ့ရခြင်းဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် အရှေ့တောင်အာရှနိုင်ငံများမှ ကလပ်အသင်းများအတွက် ပြိုင်ပွဲအရေအတွက်ပိုများလာစေရန် ဆောင်ရွက်ခြင်းဖြစ်ပြီး လိဂ်အလိုက် ချန်ပီယံအသင်းများဖြင့် ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ ယခုနှစ်တွင်ကျင်းပမည့် အာဆီယံကလပ်ပြိုင်ပွဲတွင် မလေးရှားမှလွဲ၍ ကျန်အရှေ့တောင်အာရှအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာကိုယ်စားပြုအသင်းအဖြစ် ၂၀၁၉ MNL အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်း ယှဉ်ပြိုင်ခွင့်ရထားသည်။ သို့သော် ပြိုင်ပွဲကို တစ်နှစ်နောက်ဆုတ်ခဲ့သောကြောင့် ၀င်ရောက်ယှဉ်ပြိုင်မည့်အသင်းကို ပြန်လည်အတည်ပြုမည်ဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ကျင်းပခဲ့သည့်နှစ်ကြိမ်တွင် အရှေ့တောင်အာရှအသင်းများအပြင် အိန္ဒိယကလပ်အသင်းကိုလည်း ဖိတ်ခေါ်ယှဉ်ပြိုင်စေခဲ့ပြီး ၂၀၀၃ ပြိုင်ပွဲတွင် အိန္ဒိယကလပ် အရှေ့ဘင်ဂေါအသင်း၊ ၂၀၀၅ ပြိုင်ပွဲတွင် စင်ကာပူကလပ် တမ်ပနိစ်ရိုဗာအသင်းတို့ ချန်ပီယံဆုရရှိခဲ့သည်။ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဘဏ္ဍာ/အခွန်အသင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ၂၀၀၃ ပြိုင်ပွဲတွင် နုတ်ထွက်ခဲ့သော်လည်း ၂၀၀၅ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ အုပ်စုသုံးပွဲတွင် တစ်ပွဲနိုင်၊ နှစ်ပွဲရှုံး သုံးမှတ်ဖြင့် အုပ်စုမှထွက်ခဲ့ရသည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ- စိုးညွန့်