မေခမြစ်အထက်နားဆီက မြို့ခေါင်လန်ဖူး

မြင့်မောင်စိုး

ခေါင်လန်ဖူးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၆၈၀ တောင်ကုန်းထိပ်ပေါ်တွင်တည်ရှိပါသည်။ တောင်ခြေတွင် မေခမြစ်နှင့် အာချန်ခမြစ်တို့က တောင်၏ ဘေးတစ်ဖက်တစ်ချက်မှကပ်၍ စီးဆင်းနေကြပြီး တောင်တန်းအစွန်၌ ပေါင်းဆုံကြသည်။

ဒေသခံပြည်သူများက ထိုမြစ်နှစ်ခုပေါင်းဆုံရာနေရာကိုပင် မြစ်ဆုံဟုခေါ်ကြသည်။

ခေါင်လန်ဖူးမြို့၏ ရာသီဥတုသည် အမြဲတမ်း အေးမြသာယာလျက်ရှိပါသည်။ အေးမြသော မြူနှင်းမှုန်မှုန်တို့သည် တစ်ချိန်လုံးလိုလို မြို့ကိုပက်ဖျန်းပေးနေ သောကြောင့် သဘာဝလေအေးပေးစက်များ တပ်ဆင်ထားသလား အောက်မေ့ရသည်။

တောင်ထိပ်ပေါ်မှ နှင်းမှုန်များ လက်နှင့် ဆုပ်ကာ ဆုပ်ကာ ကြဲပက်နေသည့်နှယ်။ မေခနှင့် အာချန်ခမြစ်များမှ မြူနှင်းမှုန်များ အထက် တောင်တန်းကြီးများရှိရာသို့ တဖြည်းဖြည်း ခုန်တက်လာလိုက်၊ တောင်ထိပ်ဖျားမှ ပြန်ဆင်းသွားလိုက်နှင့် အလွန်ပင်ကြည့်လို့ကောင်းလှသည်။

အရှေ့ဘက်ကို လှမ်းမျှော်ကြည့်လိုက် လျှင် မိုးထိဖောက်ဝင်သွားသလားဟု ထင်ရလောက်အောင် မြင့်မားလှသော ဂီထော့တောင်ကြီးနှင့် တောင်စဉ် တောင်တန်းများက ရှုမျှော်မဆုံးအောင်ပင်။ ထို့အတူ မြို့ပေါ်မှ အနောက်ဘက်သို့ ရှုမျှော် ကြည့်လိုက်လျှင်လည်း အူရိန်တောင်ကြီး က အမြင့်တကာ့ထိပ်ခေါင် တောင်မင်းကြီး လို့ဆိုရမလို။ ထိုမျှ မြင့်မားလှသော တောင်ကြီးနှစ်ခုကြားတွင် ရှိနေသော အလျားလိုက်တည်ရှိနေသော ခေါင်လန်ဖူး မြို့လေး။

ခေါင်လန်ဖူးမြို့မှ တောင်ကြီးတွေ

တောင်တန်းကြီးနှစ်ခုကို နောက်ခံထား လျက် ဆောက်လုပ်ရေး ဗိုလ်တဲကုန်း၊ စေတီ ပုထိုးကျောင်းကန်များနှင့် မြင်တွေ့လိုက်ရ သော မြင်ကွင်းသည် ရွှေဇီးကွက်ကြီး တောင်နှစ်လုံးကြား တောင်ပံဖြန့် ပျံသန်း လာသည့်နှယ်။ ဇီးကွက်သည် မြန်မာတို့ အယူအဆအရ လာဘ်ကောင်းသည်၊ လာဘ် ရွှင်သည်ဟူသော သဘောပင်ဖြစ်၏။ ဤသို့ ဆိုလျှင် ခေါင်လန်ဖူးမြို့လေးသည် မကြာမီ နှစ်များအတွင်း ကြီးပွားတိုးတက်လာမည့် သဘော၊ ဖွံ့ဖြိုးတိုးတက်လာဖို့ အလားအလာ ကောင်းနေသည့်သဘောပင်ဖြစ်၏။

“ကျွန်တော်တို့ ခေါင်လန်ဖူးဒေသမှာ ထင်ရှားတဲ့တောင်ကြီးတွေရှိပါတယ်။ နှစ်စဉ် နိုဝင်ဘာလကနေ မတ်လလောက်အထိ ရေခဲ ပါတယ်။ အဲဒီတောင်တွေကတော့ ဂီထော့ တောင် အမြင့်ပေ ၁၂၇၂၀၊ ဇီးထန်တောင် အမြင့် ၁၁၂၄၄ ပေ၊ အူရိန်တောင် အမြင့် ၉၅၃၃ ပေနှင့် ရှိန်းခေါင်တောင် အမြင့် ၁၀၅၂၃ ပေ တို့ဖြစ်ကြပါတယ်။ ဒီတောင်တွေကိုသွားဖို့ ကတော့ လောလောဆယ် လမ်းပန်း ဆက်သွယ်ရေးက အခက်အခဲတွေရှိနေပါ သေးတယ်”ဟု ခေါင်လန်ဖူးမြို့နယ် အုပ်ချုပ် ရေးမှူးဦးမြင့်ထွန်းက ပူတာအိုမြို့ ခရိုင် အုပ်ချုပ်ရေးမှူးရုံး၌ တွေ့ဆုံစဉ် ပြောကြား ခဲ့ခြင်းဖြစ်သည်။

ခေါင်လန်ဖူးမြို့နယ်၏ ပထဝီအနေ အထားကို လေ့လာကြည့်မည်ဆိုလျှင် မြန်မာ နိုင်ငံ၏ အရှေ့မြောက်ထောင့်၌ တည်ရှိသော မြို့နယ်ဖြစ်သည်။ ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်များတွင် ဝေးလံခေါင်ပါးသော ဒေသ တစ်ခုလည်းဖြစ်ပါသည်။ အရှေ့ဘက်နှင့် မြောက်ဘက်တို့တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည်။ တောင်ဘက်တွင် ဆွမ်ပရာဘွမ်နှင့်ဆော့လော် မြို့များရှိသည်။ အနောက်ဘက်တွင် နောင်မွန် နှင့် မချမ်းဘော့မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။

ခေါင်လန်ဖူးသို့ လာရောက်မည်ဆိုလျှင် ပူတာအိုမြို့မှတစ်ဆင့် လာရောက်ရမည်ဖြစ် ပါသည်။ ခရီးမိုင်အားဖြင့် ၁၃၂ မိုင် ကွာဝေး သည်။ ပူတာအိုမှ ဆန်းလွှတ်ချက်တောင် အထိ ၇၆ မိုင်သာ ကားလမ်းပေါက်သေးသည်။ ကျန်ခရီးကို ခြေကျင်ခရီးဖြင့်သာ သွားရောက် ရမည်ဖြစ်ပါသည်။ သို့သော်လည်း နိုင်ငံတော် က ၂၀၂၀ ပြည့်နှစ်အတွင်း ခေါင်လန်ဖူးအထိ ကားလမ်းပေါက်အောင် ကြိုးပမ်းလျက်ရှိ သည်။ ထိုတာဝန်ကို နယ်စပ်ရေးရာဝန်ကြီး ဌာနက အကောင်အထည်ဖော်ဆောင်ရွက် နေကြောင်း သိရသည်။

မြို့နှစ်ကြိမ်ဖြစ်ခဲ့သောခေါင်လန်ဖူး

ခေါင်လန်ဖူးမြို့သည် ထူးခြားသည့်မြို့ တစ်မြို့ဟု ဆိုရပေလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် အင်္ဂလိပ်ခေတ်နယ်ခြားခေတ်တွင် မြို့ဖြစ်ပြီးမှ ရွာပြန်ဖြစ်သွားခဲ့သည်။ ထို့နောက်တစ်ဖန် နဝတခေတ်တွင် ခေါင်လန် ဖူးသည် နယ်မြေအခြေအနေအရ မြို့ပြန်ဖြစ် ခဲ့ရပြန်သည်။ ခေါင်လန်ဖူးမြို့၏ အတိတ် သမိုင်းကြောင်းသည် ထူးခြားသော ဖြစ်စဉ် များနှင့် ရောပြွမ်းလျက်ရှိသည်။

“ခေါင်လန်ဖူးမြို့သမိုင်းကို ပြောမယ်ဆို ရင် ၁၉၇၀ ပြည့်နှစ် ဟိုဘက်ခေတ်က နယ်ခြား မှာ မြို့တည်ထားခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လုံခြုံရေးအရ တော်တော်အချက် အချာကျတယ်။ ခေါင်လန်ဖူးက အရင် ကတည်းက မြို့တည်ထားတာပါ။ တည်ပြီးမှ ပါတီကောင်စီခေတ်မတိုင်မီမှာ ခေါ်ဘူဒဲကို မြို့ပြောင်းလိုက်တော့ ရွာအဖြစ်ကျန်ခဲ့ပါ တယ်။ တစ်ခါ နဝတခေတ်မှာ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေက ခေါ်ဘူဒဲကို လာပြီးနောက် ခေါ်ဘူဒဲမြို့က တောင်စောင်းမှာဖြစ်နေတဲ့ အတွက် ခေါ်ဘူဒဲထက် ကောင်းတဲ့နေရာကို ရှာတဲ့အခါမှာ ခေါင်လန်ဖူးကိုပဲ ရွေးခဲ့တယ်။ ခေါင်လန်ဖူးက ရွာတွေရဲ့ဗဟိုချက်မှာလည်း ရှိနေတာဖြစ်ပါတယ်။ အဲဒီနေရာ ပြန်ပြောင်း ဆိုပြီးတော့ ချက်ချင်းအမိန့်ချလိုက်လို့ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ပူတာအို ခရိုင်မှူး ဗိုလ်မှူးဟန်တင်က ချက်ချင်း ပြောင်းရွှေ့ရေးကို ဆောင်ရွက်ခဲ့ပါတယ်”ဟု ခေါင်လန်ဖူးမြို့ခံတစ်ဦးလည်းဖြစ်၊ ဌာနေ ပြည်သူ့စစ်ခေါင်းဆောင်လည်း ဖြစ်သူ ဦးပီတာက ခေါင်လန်ဖူးမြို့ လက်ဖက်ရည် ဆိုင်တစ်ဆိုင်တွင် တွေ့ဆုံတုန်း ပြောပြခဲ့ခြင်း ဖြစ်သည်။ ဆရာ ဦးပီတာသည် ခေါင်လန်ဖူး နှင့်ပတ်သက်၍ ရှေ့မီနောက်မီလူကြီးဖြစ်၍ အသေးစိတ်ကို ပြောပြနိုင်သူလည်း ဖြစ်သည်။

ခေါ်ဘူဒဲမှ ခေါင်လန်ဖူးသို့ မြို့ပြောင်း ခဲ့စဉ်ကလည်း အလွန်ပင်ဒုက္ခရောက်ခဲ့ ကြောင်း၊ စတင်ပြောင်းစဉ်က ခေါင်လန်ဖူး တွင် အိမ်ခြေ ခုနစ်အိမ် ၊ ရှစ်အိမ်ခန့်သာရှိပြီး မချမ်းဘော့နှင့် နောင်မွန်တို့မှ လူတစ်အိမ် တစ်ယောက်ခေါ်ယူပြီး အိမ်ဆောက်ပစ္စည်း များ သယ်ယူခဲ့ရကြောင်း၊ ဗမာစကားပြောဆို နိုင်သူများကို ရဝတအဖွဲ့တွင် တာဝန်ပေးကာ ရပ်ကွက်လေးခုဖြင့် မြို့ကို စတင်ဖွဲ့စည်း တည်ထောင်ခဲ့ကြောင်း၊ ထိုစဉ်က ပြောင်းရွှေ့ လုပ်ကိုင်သူများ အိပ်ဖို့၊ နေဖို့၊ စားဖို့ အလွန် ခက်ခဲကြောင်း၊ မြို့ဌာနဆိုင်ရာ အဆောက် အအုံများကိုလည်း ပထမအဆင့်အနေဖြင့် ဝါးတိုင်၊ ဝါးကာ၊ ဝါးမိုးများဖြင့် ဆောက်လုပ် ခဲ့ကြရကြောင်း၊ နောက်မှ အစိုးရက တစ်နှစ် ဘတ်ဂျက်နည်းနည်းစီချပေး၍ တစ်နှစ် ဌာနဆိုင်ရာ အဆောက်အအုံ တစ်လုံး လောက်ဖြင့် ပျဉ်ထောင် ၊ ပျဉ်ခင်း၊ သွပ်မိုး အဖြစ် ဆောက်လုပ်ခဲ့ရကြောင်း ဦးပီတာက ခေါင်လန်ဖူးမြို့ကို ခက်ခဲစွာတည်ဆောက်ခဲ့ ရပုံများကို စိတ်ရှည်လက်ရှည်ရှင်းပြသည်။

ခေါင်လန်ဖူးမြို့ လူဦးရေ

ယခုအခါ ခေါင်လန်ဖူးမြို့တွင် အိမ်ခြေ ၈၇ အိမ်ရှိပြီး လူဦးရေအားဖြင့် ၅၀၀ ကျော်ရှိ ကြောင်း၊ တစ်မြို့နယ်လုံးတွင် ကျေးရွာ အုပ်စု ၂၄ အုပ်စု၊ ကျေးရွာပေါင်း ၁၄၉ ရွာ ရှိကာ လူဦးရေ ၁၄၂၈၅ ဦးဖြစ်ပြီး ကချင် မျိုးနွယ်စု လီဆူနှင့် ရဝမ်တိုင်းရင်းသားများ အဓိကနေထိုင်လျက်ရှိကြောင်း သိရသည်။ ကိုးကွယ်ယုံကြည်မှုအနေဖြင့် ခရစ်ယာန် ဘာသာဝင်အများဆုံးဖြစ်သည်။ ဗုဒ္ဓဘာသာ ဝင်ဆို၍ ဝန်ထမ်းအချို့သာရှိသည်။ ထို့ကြောင့်လည်း မြို့ပေါ်ရပ်ကွက်တွင် ခရစ်ယာန် ဘုရားရှိခိုးကျောင်း ခြောက်ကျောင်း၊ မြန်မာဘုန်းကြီးကျောင်း တစ်ကျောင်းနှင့် ဘုရားတစ်ဆူရှိသည်။

ခေါင်လန်ဖူးမြို့သည် ချင်းပြည်နယ်မှ ဟားခါးမြို့၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဇယန်းလက်ဖက်ထွက်ရှိရာ နမ့်ဆန်မြို့များ နှင့် အလားသဏ္ဌာန်တူသည်။ ထိုမြို့များ သည် တောင်ရိုးကိုခွလျက် အလျားလိုက် တည်ဆောက်ထားကြသည်။ ခေါင်လန်ဖူးမြို့ တွင် အဓိက ကုန်းနှစ်ကုန်းရှိသည်။ မြို့အဝင် ဆောက်လုပ်ရေးဗိုလ်တဲကုန်းနှင့် ပြန်/ဆက် ကုန်းတို့ဖြစ်ကြသည်။ ထိုကုန်းနှစ်ခုကြားတွင် ဘောလုံးကွင်းကြီးအရွယ် ကွင်းပြင် ကျယ်ကြီး တစ်ခုရှိသည်။ ထိုကွင်းကြီး၌ ကလေးများ ညနေဘက်နေသာချိန်တွင် ဘောလုံးကစားကြသည်။ ဌာနဆိုင်ရာ ဝန်ထမ်းငယ်များက ပိုက်ကျော်ခြင်းကစား ကြသည်။

 

ဗဟုသုတဘဏ်တိုက်ကြီး

ခေါင်လန်ဖူးမြို့၏ အကောင်းဆုံး အဆောက်အအုံမှာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အဆောက် အအုံဖြစ်သည်။ ရှေ့အဆောင်မှာ ရုံးဖြစ် သည်။ စာအုပ်ဗီရိုများရုံးခန်းအတွင်း သေသပ်လှပစွာ စီတန်းလျက်တွေ့ရသည်။ စာအုပ်များ၊ စာဖတ်စားပွဲများလည်း အသင့် ပြင်ထားသည်။ ရံဖန်ရံခါ ဆရာ ဆရာမများ နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက စာအုပ် လာရောက်ငှားရမ်းဖတ်ကြသည်များလည်း ရှိသည်။ နာမည်ကြီး စာရေးဆရာများ၏ စာအုပ်များနှင့် ရည်ညွှန်းကိုးကားရန် စာအုပ် များစွာရှိနေသည်။ ထိုအချက်ကပင် ဝေးလံခေါင်းပါးသော ဒေသတစ်ခုအနေဖြင့် ဗဟုသုတဘဏ်တိုက်ကြီး တစ်ခုသဖွယ် ဖြစ်နေခြင်းဖြစ်သည်။ နောက်ဘက် အဆောင်ကို ကလေးစာဖတ်ခန်း ပြုလုပ် ထားသည်။ ဘေးချင်းကပ်အခန်းတွင် ရပ်ဝေးခရီးသည်များ လာရောက်နားခိုလေ့ ရှိကြသည်။ အထူးသဖြင့် ဆရာ ဆရာမ များပင်ဖြစ်သည်။

ကွင်းပြင်ဘေးရှိ မြို့တော်ခန်းမမှာ တစ်ချိန်လုံး တံခါးများ ပိတ်ထားသည်။ အစည်းအဝေးပြုလုပ်သည်ဆိုသော အသံ ပင် မကြားခဲ့ရပါ။ ထိုမြို့တော်ခန်းမရှေ့ ဂိုဒေါင်ငယ်တဲတစ်ခုအတွင်း ဂျစ်ကား နှစ်စီးကိုတွေ့ရသည်။ တစ်ကြိမ်တစ်ခါမျှ မောင်းသံလည်း မကြားရပါ။ မောင်းလို့ ရသောလမ်းလည်း မရှိပါ။ ခေါင်လန်ဖူးမြို့မှ ကလေးတွေ ကားမြင်ဖူးအောင် ပြထား သလိုပင်။ ခေါင်လန်ဖူးမြို့၏ ကားပြခန်းဖြစ် နေသည်ကတော့ သေချာသည်။

ဆောက်လုပ်ရေးကုန်းဘက်တွင် ဆေးရုံ၊ စာတိုက်၊ ဘုန်းကြီးကျောင်း၊ စေတီတစ်ဆူ နှင့် ရဲစခန်းရှိသည်။ အဆောက်အအုံများမှာ အတော်ပင်ဟောင်းနွမ်းနေပြီ ဖြစ်သည်။ ပြန်/ဆက်ကုန်းဘက်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး၊ မြို့နယ်ပညာရေးမှူး ရုံး၊ ထွေအုပ်၊ တရားရုံး၊ စီမံကိန်းရုံး၊ လဝက၊ မြန်မာ့ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်ရုံ၊ အခြေခံပညာကျောင်းများရှိသည်။ တိတိ ကျကျဆိုရလျှင် ထိုကုန်းနှစ်ဖက်သည် ဌာနဆိုင်ရာ ရုံးများစိုက်ရာနေရာဖြစ်သည်။ တောင်ကမ်းပါးယံနှစ်ဖက်တွင် လူနေ ရပ်ကွက်နှင့် ခရစ်ယာန်ဘုရားကျောင်းများ ရှိသည်။

ခေါင်လန်ဖူးမြို့ပေါ်တွင် ပေါက်ရောက် လျက်ရှိသော သစ်ပင်ပန်းမန်များသည်လည်း စိတ်ဝင်စားစရာ။ နှင်းရည် နှင်းစက်များနှင့် အမြဲတစေထိတွေ့နေမှုကြောင့် သစ်ပင်များ သည် စိမ်းစိမ်းစိုစိုရှိလှသည်။ ချဉ်စော်ကား သီးပင်၊ မက်မန်းပင်၊ မက်မုန်သီးပင်များ သူ့အလေ့ကျပေါက်ရောက်သည်။ ရှမ်း ပြည်နယ်တွင် ပေါက်ရောက်လေ့ရှိသော တောင်ပေါ်ဒေသပင်အများစုလည်း ပေါက် ရောက်သည်။ အလေ့ကျပေါက်သော ပန်းမန် များကိုလည်း နေရာအနှံ့တွေ့ရသည်။ စနစ် တကျ စိုက်ပျိုးမည်ဆိုလျှင် ပြင်ဦးလွင်ကဲ့သို့ ပန်းမြို့တော်ကြီးဖြစ်လာအောင် ဖန်တီး စိုက်ပျိုးနိုင်သည်။ အကြောင်းသည်ကား အေးမြစိုစွတ်သော ရာသီဥတုရှိနေခြင်း ကြောင့်ပင်ဖြစ်ပေသည်။

မိုင်းဘောပင်နှင့်ပျဉ်ထောင်အိမ်များ

ထူးခြားချက်တစ်ရပ်မှာ ခေါင်လန်ဖူးမြို့၌ နေအိမ်များနှင့် ဌာနဆိုင်ရာအဆောက်အအုံ များကို သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ကာ အဆောက်အအုံများအဖြစ် ဆောက်လုပ် ထားခြင်းဖြစ်သည်။ အုတ်ညှပ်ကွန်ကရစ် များဖြင့် ဆောက်လုပ်ထားသောအိမ် မတွေ့ ရပါ။ အကြောင်းသည်ကား ဘိလပ်မြေ တစ်အိတ် ကျပ်တစ်သိန်းဈေးပေါက်နေခြင်း ကြောင့်ဖြစ်သည်။ ထို့ကြောင့်လည်း နေအိမ် အများစုကို ပျဉ်ထောင်ပျဉ်ခင်းအဖြစ်သာ ဆောက်လုပ်ထားကြသည်။

နေအိမ်များတွင် အသုံးပြုထားသော သစ်ကို မိုင်းဘောပင်မှ ထုတ်လုပ်ထားသည့် သစ်တစ်မျိုးတည်းကိုသာ သုံးထားသည်ကို လည်း သိရသည်။ ဒေသခံများက ထိုမိုင်းဘော သစ်ကို မြေဩဇာပင်ဟု ခေါ်ကြသည်။ အိမ်တိုင်းအိမ်တိုင်း မိုင်းဘောသစ်များဖြင့် ဆောက်လုပ်ထားကြသည်။ ခေါင်လန်ဖူး မြို့နယ်တွင် သစ်ခွဲထုတ်လုပ်နိုင်သော မိုင်းဘောပင်များ သူ့အလေ့ကျ ပေါက်ရောက် လျက်ရှိသည်ကို တွေ့ရသည်။ မိုင်းဘော သစ်သည် အဖိုးတန်သစ်များမဟုတ်။ ဒေသခံ များ၏ အဆိုအရ နှစ် ၂၀ ခန့်သာခံသည်ဟု ဆိုသည်။ သို့သော် သစ်ဈေးမှာ မသေးလှ။ တစ်တန်ကို ကာလပေါက်ဈေး ကျပ် ခုနစ်သိန်း ခန့်ရှိသည်။ သာမန်အိမ်တစ်လုံးဆောက်လုပ် လျှင် ကျပ်သိန်းတစ်ရာအထက်ပင် ကုန်ကျ နိုင်သည်။

တိုင်းရင်းသားတို့ရိုးရာအိမ်

ခေါင်လန်ဖူးဒေသတွင် အဓိကအားဖြင့် လီဆူနှင့် ရဝမ်တိုင်းရင်းသားများ နေထိုင်ကြ သည်။ ထိုတိုင်းရင်းသားနှစ်မျိုးတို့၏ ရိုးရာ နေအိမ်များသည် အများစုတူညီကြသည်။ နေအိမ်တစ်လုံးတွင် မီးဖိုခန်း၊ ဧည့်ခန်းနှင့် အိပ်ခန်းတို့ပါရှိသည်။ သို့သော် လှေကားတပ် ဆင်သည့်နေရာတွင် အနည်းငယ်ကွာခြား သည်။ လီဆူတိုင်းရင်းသားတို့၏ နေအိမ်များ တွင် လှေကားကို အိမ်ရှေ့မျက်နှာစာမှာ တပ်ဆင်ထားကြသည်။ သို့သော် ရဝမ်တိုင်း ရင်းသားတို့၏နေအိမ်များတွင်မူ လှေကားကို ဘေးအပြင်ဘက်မှ တပ်ဆင်ထားကြသည်။ တိုင်းရင်းသား နှစ်မျိုး၏ အိမ်ခန်းဖွဲ့စည်းထား မှုမှာ တူညီကြသည်။ ခေါင်လန်ဖူးမြို့သည် မြို့ဟုဆိုသော်လည်း အမှန်တကယ် မြို့ပြအင်္ဂါ ရပ်များဖြစ်သည့် လမ်းများမရှိသေးသလို မြို့ ပေါ် နေထိုင်သူများမှာ တောင်ယာစိုက်ပျိုးသူများရှိနေသည်။ မြို့နေသူများသည် စိုက်ပျိုးရေး ကို အလေးထားလုပ်ကိုင်နေကြဆဲဖြစ်သည်။

ရှာကောပင်စိုက်ပျိုးရေးအကြောင်း

ခေါင်လန်ဖူးမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၄၀၀၀ အထက်တွင် တည်ရှိသောကြောင့် ရှာကောပင်များ အထူး စိုက်ပျိုးဖြစ်ထွန်းရာ ဒေသတစ်ခုဖြစ်သည်။ စီးပွားရေးတွက်ခြေကိုက်ပြီး တရုတ်သို့တင်ပို့နိုင်သောဈေးကွက်ရှိလာ၍ ရှာကောစိုက်ပျိုး ရေးကို ကျေးလက်တောင်သူများသာမက မြို့ပေါ် ရပ်ကွက်နေသူများပင် ရှာကောစိုက် ပျိုးရေးကို အထူးအလေးထားလုပ်ကိုင်လာ ကြသည်။

“ကျွန်တော်တို့ ခေါင်လန်ဖူးမှာ လွန်ခဲ့တဲ့ ရှစ်နှစ်၊ ကိုးနှစ်လောက်က ရှာကောပင် စစိုက် တယ်။ တရုတ်ကုမ္ပဏီတစ်ခုက မျိုးစေ့ယူလာ ပြီး စစိုက်တာပါ။ အခုအခါမှာတော့ မြေစာရင်း အရ ရှာကောစိုက်ဧက သုံးသိန်းကျော်ရှိတယ် လို့သိရပါတယ်။ ကျွန်တော်ကတော့ ခြောက် ဧက စိုက်ထားပါတယ်။ အသီးစထွက်နေပါပြီ။ မနှစ်တုန်းကတော့ ဈေးသိပ်မကောင်းဘူး။ (ဒေသအခြင်အတွယ်)တစ်ကျင်ကို တရုတ် ယွမ် တစ်ကျပ်၊ တစ်ကျပ်ခွဲပဲရတယ်။ ဒီနှစ်မှာ တော့ ဈေးကောင်းရမယ်လို့ မျှော်လင့်ပါ တယ်”ဟု ခေါင်လန်းဖူးမြို့ အမှတ်(၁)ရပ်ကွက် နေ ရှာကောစိုက်ပျိုးသူ ရဝမ်တိုင်းရင်းသား ကိုယုံခက သူ့ရှာကောစိုက်ပျိုးရေးအကြောင်း ပြောပြသည်။ (တစ်ပိဿာလျှင် သုံးကျင်ရှိ သည်။)

တရုတ်နိုင်ငံက ရှာကောသီးကို ဟင်းခတ် အမွှေးအကြိုင်အဖြစ် အဓိကအသုံးပြု ကြောင်း သိရသည်။ တိုင်းရင်းဆေးဝါးထုတ် လုပ်ရေးနှင့် အမျိုးသမီးအလှကုန်ပစ္စည်း ထုတ်လုပ်ရာတွင်လည်း အသုံးပြုသည်ဟု ဆို သည်။ ပြီးခဲ့သည့်နှစ်မတိုင်မီ အရင်တစ်နှစ် က တရုတ်ကုန်သည်များ ခေါင်လန်ဖူးမြို့သို့ ရှာကောလာရောက်ဝယ်ယူကြရာ ကားလမ်း မပေါက်သည့်နေရာတွင် တစ်ကျင် တရုတ် ယွမ် ငါးကျပ်၊ ခြောက်ကျပ် ဈေးပေးပြီး ကား လမ်းပေါက်သည့်နေရာတွင် ၁၁ ကျပ်၊ ၁၂ ကျပ် ဈေးပေးဝယ်ကြသည်။ ထိုနှစ်က ရှာကောစိုက် ပျိုးသူ တောင်သူအချို့ ငွေကို ဆာလာအိတ်နှင့် ရသူများရှိသည်ဟု ဆိုသည်။ သို့သော်လည်း ပြီးခဲ့သည့်နှစ်က တစ်ကျင်ကို တရုတ်ယွမ် တစ်ကျပ်ခွဲလောက်သာဈေးပေးဝယ်သဖြင့် ခေါင်လန်ဖူး ရှာကောစိုက်သူများ စိတ်ပျက်ခဲ့ ရသည်။ တရုတ်ကုန်သည်များက ရှိန်းခေါင် နယ်စပ်မှတစ်ဆင့် လာရောက်ဝယ်ယူကြ ကြောင်း သိရသည်။ တရုတ်တို့ ရှာကောဝယ် ယူရာတွင် ပိဿာဖြင့်မဝယ်ဘဲ ဒေသအချိန် အတွယ် ကျင်ဖြင့် ဝယ်ယူကြသည်။

ခေါင်လန်ဖူးဒေသမှထွက်သော ရှာကော သည် ပင်လယ်ရေမျက်ပြင်အထက် ပေ ၄၀၀၀ ကျော်တွင် စိုက်ပျိုးကြသဖြင့် အရည်အသွေး၊ အနံ့အရသာအလွန်ကောင်းပြီး တရုတ် ဈေးကွက်တွင် နာမည်ကြီး လူကြိုက်များလျက် ရှိ ကြောင်း သိရသည်။ ရှာကောစိုက်ပျိုးရေး သည် ခေါင်လန်ဖူးဒေသ၏ အဓိကစီးပွားရေး အဖြစ် ပြောင်းလဲလာလျက်ရှိသည်။ ခေါင်လန်ဖူးဒေသတွင် ရှာကောအပြင် တရုတ် နိုင်ငံမှ ဝယ်လိုအား မြင့်တက်နေသည့် ထင်းရှူးလည်း စိုက်ပျိုးကြောင်း သိရသည်။

ခေါင်လန်ဖူးဒေသတွင် နောက်ထပ်စီးပွား ဖြစ်စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးရှိသေး၏။ ထိုသီးနှံသည်ကား လက်ဖက်ဖြစ်သည်။ ခေါင် လန်ဖူးမြို့နယ်ရဲတပ်ဖွဲ့မှူးက ထမင်းဖိတ်ကျွေး သဖြင့် နှစ်ကြိမ်တိုင် ရဲစခန်းဝင်းသို့ရောက်ခဲ့ သည်။ ရဲစခန်းခြံဝင်းအတွင်း စိုက်ပျိုးထား သော လက်ဖက်ပင် ၁၀ ပင်ခန့်တွေ့သည်။ လက်ဖက်ပင်များမှာ အသီးတစာစာ အညွန့် တလူလူနှင့်တွေ့ရသည်။ ခေါင်လန်ဖူးဒေသတွင် ရှမ်းပြည်နယ်မြောက်ပိုင်း တာမိုးညဲဒေသတွင် စိုက်ပျိုးနေသော ဝူလုံလက်ဖက်ကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ပြီး တရုတ်ဘက်ကို တင်ပို့ လိုက်ရလျှင် နေ့ချင်းညချင်းကြီးပွားချမ်းသာ သွားနိုင်သည်။

ထမင်းဆိုင်မရှိ

ခေါင်လန်ဖူးမြို့နယ်တွင် ဝမ်းစာအတွက် စပါးကို တောင်ယာစနစ်နှင့် လှေကားထစ် စိုက်ခင်းများဖြင့် စိုက်ပျိုးလေ့ရှိကြသည်။ ထွက်ရှိလာသော စပါးကိုလည်း ကြိတ်ခွဲရောင်း ချခြင်းမရှိဘဲ မိသားစုဝမ်းစာအတွက်သာ နှစ် ပေါက် သိမ်းဆည်းထားတတ်ကြလေ့ရှိသည်။

“ကျွန်တော်တို့ ခေါင်လန်ဖူးမှာက ထွက်လာတဲ့စပါးကို ကြိတ်ရောင်းတာမရှိကြ ဘူး။ စပါးကိုပဲရောင်းတယ်။ စပါးတစ်ပုံးကို တစ်သောင်းနဲ့ ရောင်းတယ်။ တစ်ပုံးကို မြန်မာ အချိန်အတွယ်နဲ့ဆို တစ်ခွဲပေါ့နော်။ စပါးပဲ ရောင်းတာ။ ဆန်မရောင်းဘူး။ စပါးရောင်း တယ်ဆိုပေမယ့် များများစားစားတော့ မဟုတ် ဘူး။ ဝမ်းစာအတွက်ချန်ပြီး ပိုလောက်မှ ရောင်းပေးတာ”ဟု ခေါင်လန်ဖူးမြို့နေ ဆန်စက်ပိုင်ရှင် ကိုနော်တီရဲက ပြောပြသည်။

ခေါင်လန်ဖူးမြို့တွင် ဆန်စက်ဟူ၍ ကြီးကြီးမားမားမဟုတ်။ ဆန်စက်ငယ်များ ဖြစ်သည်။ တစ်မြို့လုံးတွင် ဆန်စက် လေးစက်သာရှိသည်ဟု ဆိုသည်။ ဆန်ကြိတ် လိုသူများက စပါးကို များများစားစား လာကြိတ်ကြခြင်းမဟုတ်။ ဒေသအခေါ် တစ်ပုံးလောက်သာဆံ့သည့် ပလိုင်းလေးဖြင့် လာကြိတ်ကြခြင်းဖြစ်သည်။ စပါးကို ကြိတ်ခွဲ ရန်အတွက် နေအိမ်ခန်းအတွင်း မီးဖိုကြီး အထက်ရှိ ကျပ်ခိုးစင်ပေါ်၌ ဖျာခင်းပြီး စပါး တစ်ခွဲသားခန့်ကို ဖြန့်လှန်းထားကြရသည်။ မြေပြန့်ဒေသများကဲ့သို့ စပါးလှန်းရန် မြေ နေရာကျယ်ကျယ်ဝန်းဝန်းမရှိလှချေ။

ရှိသည့်ကျပ်ခိုးစင်ပေါ်၌သာ စပါးကို ဖြန့်လှန်းထားပေးကြရသည်။ ထိုလှန်းထား သောစပါးများ မီးခိုးအပူငွေ့ဖြင့် ခြောက်သွေ့ သွားသောအခါ စပါးစက်များသို့ သွားရောက် ကာ စပါးကြိတ်ကြသည်။ စပါးကြိတ်သည့် အချိန်မှာလည်း နံနက်စောစောနှင့် ညနေ ပိုင်းတို့၌သာ စပါးကြိတ်ကြလေ့ရှိသည်။ မနက်စောစော တောင်ယာမသွားမီနှင့် ညနေခင်း ကျောင်းဆင်းချိန်တို့၌သာ စပါး လာကြိတ်ကြသည်။

“စပါးကြိတ်ခကိုတော့ တစ်ပုံး ကျပ် ၅၀၀ ယူပါတယ်။ အများစုကတော့ ကြိတ် လို့ထွက်လာတဲ့ဆန်ထဲက ဆန်နို့ဆီ တစ်ဘူး ကို ကြိတ်ခအဖြစ်ပေးပါတယ်” ဟု ကိုနော်တီရဲက ပြောသည်။

ခေါင်လန်ဖူးမြို့တွင် ဆန်ရောင်းသူမရှိ။ ဆန်ဆိုင်လည်းမရှိ။ ဆန်ဆိုင်မရှိသည့် အတွက် ထမင်းဆိုင်လည်းမရှိ။ သားငါး ရောင်းချသည့်ဆိုင်လည်းမရှိ။ ရေစိမ်ခေါက် ဆွဲရောင်းချသည့် ဆိုင်နှစ်ဆိုင်သာရှိသည်။ သို့သော် ရေစိမ်ခေါက်ဆွဲဈေးက မသေးလှ။ တစ်ပွဲကျပ် ၂၀၀၀ ၊ မြေပြန့်မှာ ကျပ် ၅၀၀ နှင့်ရောင်းသည့် အချိုရည်တစ်ဘူး ကျပ် ၂၀၀၀၊ ငါးသေတ္တာ ဘူးကြီးတစ်ဘူး ကျပ် ၂၅၀၀၊ ရွှေဝါဆပ်ပြာတစ်တောင့် ကျပ် ၁၀၀၀၊ ဆားတစ်ထုပ် ကျပ် ၂၀၀၀၊ စားအုန်း ဆီ ၅၀ ကျပ်သားတစ်ဘူး ကျပ် ၅၀၀၀။

ရောင်းချသည့် ကုန်ပစ္စည်းအားလုံး သည် Ready Made များသာဖြစ်သည်။ အများစုကို ပူတာအိုမှ လားဖြင့် တင်ယူကြ သည်။ ခေါင်လန်ဖူးကုန်ဈေးနှုန်းသည် အူရိန် တောင်နှင့် ဂီထော့တောင်တို့နှင့် အပြိုင်ဟု ဆိုရမလို။ အလွန်ပင်ဈေးကြီးမြင့်သည်။ ထိုကုန်ဈေးနှုန်း၏ အဓိကတရားခံကို ရှာလျှင် လမ်းပန်းဆက်သွယ်ရေးပင်ဖြစ်၏။ လမ်းပန်းဆက်သွယ်ရေး မကောင်းသဖြင့် လားနှင့်တင်ကြရ၍ ခရီးစရိတ်ထောင်းကာ ဈေးကြီးနေကြခြင်းဖြစ်သည်။ ထိုဈေးကြီး မှုသည် မည်ရွေ့မည်မျှ ကြာရှည်နေဦးမှာ မည်သူမျှ အတတ်မပြောနိုင်ပေ။

(ဆက်လက်ဖော်ပြပါမည်)

မြန်မာ့အလင်း