မြေအရင်းအမြစ်စီမံခန့်ခွဲ ပူနွေးမှုလျှော့ချ

၁၂  နိုဝင်ဘာ

နေ့လယ်နေပူချိန်တွင် လေ​အေးပေးစက်မဖွင့်ဘဲ အလုံပိတ်ထားသည့်အခန်းအတွင်း၌ အခန်းအပူချိန်မှာ မြင့်မားနေမည်ဖြစ်သည်။ အခန်းအတွင်းသို့ ဝင်လာသော​လေများ အပြင်သို့ပြန်မထွက်နိုင်သောကြောင့် ဖြစ်သည်။ ဤသဘောတရားသည် ယနေ့ကမ္ဘာကြီး၌ အပူချိန်မြင့်မားနေသည့်သဘောနှင့် အလားသဏ္ဌာန်တူသည်။ ဖန်လုံအိမ်ဓာတ်ငွေ့ အာနိသင်များ လေထုထဲ တစ်စတစ်စများပြားလာခြင်းသည် အလုံပိတ်အခန်းနှင့်တူသည်။ ။

ဖန်လုံအိမ်ဓာတ်ငွေ့သည် ကမ္ဘာမြေသို့ကျရောက်လာသော နေရောင်ခြည်အချို့အား လေဟာပြင်သို့ ပြန်ထွက်မသွားအောင် ဟန့်တားနိုင်သည်။ အကျိုးဆက်မှာ မြေထု၊ လေထု၊ ရေထုကြီးများ ပိုမိုပူနွေးလာပြီး ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေသည်။ ကျွန်ုပ်တို့ကမ္ဘာကြီးအား ဝိုင်းပတ်လွှမ်းခြုံထား သောလေထုသည် နေမှရသည့်အလင်းရောင်နှင့် နေရောင်ခြည်ကို ကမ္ဘာမြေသို့ သက်ဆင်းရာ၌ ၃၀ ရာခိုင်နှုန်းကို လေထုအတွင်း ထိန်းသိမ်းထားပြီး အချို့ကို ကမ္ဘာအပြင်သို့ပြန်ထုတ်ကာ မျှခြေဖြစ်အောင်ထိန်းညှိပြီး ကမ္ဘာမြေပြင်အား အနွေးဓာတ်နှင့် အပူဓာတ်များ ပေးသည်။

ထို့ကြောင့် သက်ရှိလူ၊ သတ္တဝါ၊ အပင်များ သက်ရှင်သန်နိုင်မောင် အပူချိန်ကို မျှခြေထိန်းညှိထားသည့် ဖန်လုံအိမ်ကမ္ဘာကြီး ဖြစ်သည်။ ကမ္ဘာကြီးကိုပူနွေးစေသည့် အဓိကဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့များမှာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့၊ မီသိန်းနှင့် နိုက်ထရပ်စ်အောက်ဆိုက် ဓာတ်ငွေ့များဖြစ်သည်။ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့သည် စက်ရုံ၊ အလုပ်ရုံ၊ မော်တော်ယာဉ်များမှ ထုတ်လွှတ်သောဓာတ်ငွေ့ဖြစ်ပြီး မီသိန်းဓာတ်ငွေ့သည် ကာဗွန်ဒိုင်အောက်ဆိုက်ထက်ဆိုးသော သဘာဝဓာတ်ငွေ့ ဖြစ်သည်။ နိုက်ထရပ်စ်အောက်ဆိုက် ဓာတ်ငွေ့သည် လူ၊ တိရစ္ဆာန်၊ အပင်များနှင့်ပတ်သက်၍ ပေါ်ထွက်လာသောဓာတ်ငွေ့ ဖြစ်သည်။

၂၀၀၇ ခုနှစ်မှ ၂၀၁၆ ခုနှစ်ကာလအတွင်း စိုက်ပျိုးရေး၊ သစ်တောနှင့် အခြားမြေအသုံးချမှုပြောင်းလဲခြင်းကဏ္ဍမှ မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု စုစုပေါင်း၏ ၂၃ ရာခိုင်နှုန်း ထုတ်လွှတ်ခဲ့ကြောင်း ရာသီဥတုပြောင်းလဲခြင်း ဆိုင်ရာ IPCC အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကျွန်ုပ်တို့ကမ္ဘာကြီး၌ ရာသီဥတုပူနွေးလာခြင်းသည် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ များပြားလာခြင်းကြောင့်ဟု အများစုနားလည်ထားသော်လည်း ယခုအခါ ရာသီဥတုပြောင်းလဲမှုတွင် သယံဇာတအရင်းအမြစ်များကို ပြုပြင်လုပ်ကိုင်မှုကြောင့်လည်း ပျက်ယွင်းမှုများဖြစ်လာရသည်ကို သိရှိလာကြ သည်။

အမျိုးသားမြေအသုံးချမှုကောင်စီ စတုတ္ထအကြိမ်အစည်းအဝေးတွင် အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတက မြေယာစီမံခန့်ခွဲမှု စနစ်များနှင့်ပတ်သက်၍ ယနေ့ ဖြစ်ပေါ်နေသည့် ကမ္ဘာကြီးပူနွေးလာခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုများကို ပြောကြားခဲ့သည်။ မြေသယံဇာတ အရင်းအမြစ်များသည် လူသားများအတွက် စားနပ်ရိက္ခာ၊ သန့်ရှင်းသောရေနှင့် ဇီဝမျိုးစုံမျိုးကွဲများအပါအဝင် အခြားဂေဟစနစ် ဝန်ဆောင်မှုများကို ထောက်ပံ့ပေးနေသော်လည်း ကမ္ဘာကြီးပူနွေးမှုကို ဖြစ်ပေါ်စေသည့် မှန်လုံအိမ်ဓာတ်ငွေ့များထုတ်လွှတ်နိုင်သည့် အရင်းအမြစ် များဖြစ်ပေါ်နေသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၌ ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်ရေးနှင့် လိုက်လျောညီထွေဖြစ်စေရေးအတွက် မြေသယံဇာတ အရင်းအမြစ်များကို စနစ်တကျ စီမံခန့်ခွဲလုပ်ကိုင်ကြရန်လိုအပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်နေသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုရည်မှန်းချက်များတွင် မြေယာစီမံခန့်ခွဲမှုနှင့် ဆက်နွှယ်နေပြီး ကမ္ဘာလုံးဆိုင်ရာရေဟစနစ်များကို ထိန်းသိမ်းကာကွယ်၍ ရေရှည်တည်တံ့စေရန်သုံးပြုရေ၊ သစ်တောများ ရေရှည်တည်တံ့စေရန် စီမံခန့်ခွဲရေးနှင့် သဲကန္တာရများဖြစ်ထွန်းမှု ပပျောက်စေရေး၊ မြေယာပြုန်းတီးမှု၊ ယိုယွင်းပျက်စီးမှု ရပ်တန့်စေရေးနှင့် ဇီဝမျိုးစုံ မျိုးကွဲများ ပြုန်းတီးမှု ရပ်တန့်စေရေးလုပ်ငန်းများသည် မြေယာစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ အလေးထားဆောင်ရွက်နေကြောင်း ပေါ်လွင်နေသည်။

သို့ဖြစ်ရာ ကမ္ဘာကြီးပူနွေးသည့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ဖြစ်စဉ်များတွင် မြေသယံဇာအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲရန် အရေးတကြီး လိုအပ်နေသည်ဖြစ်၍ ထိုအရေးကို မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုရည်မှန်းချက်ပါဘိုင်း ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။

ကြေးမုံ