မောင်ပန်းမွှေး၏ ငါတို့ချစ်သည့်ဆေး

 

ဒေါက်တာမြင့်သန်း (ညောင်လေးပင်)

“ငါတို့ချစ်သည့်ဆေး”

ဘ၀၏ဆေး၊ အချစ်ဆေးတည့်

ဗေဒင်မေးစရာ၊ မလိုပါ။

သံသရာ၏ဆေး၊ ဒါနဆေးတည့်

ဗေဒင်မေးစရာ၊ မလိုပါ။

နွေဦး၏ဆေး၊ ဥဩတေးတည့်

ဗေဒင်မေးစရာ၊ မလိုပါ။

မိုးဦး၏ဆေး၊ မိုးသံတေးတည့်

ဗေဒင်မေးစရာ၊ မလိုပါ။

ငါတို့၏ဆေး၊ ပညာဆေးတည့်

ဗေဒင်မေးစရာမလိုပါ။

အဝေရာဆေး၊ သစ္စာဆေး

ပြည်သူချစ်သည့်ဆေး။

စေတနာဆေး၊ မေတ္တာဆေး

ငါတို့ချစ်သည့်ဆေး။

မောင်ပန်းမွှေး

ရန်ကုန်ဆေးတက္ကသိုလ်(၂)၊ နှစ်လည်မဂ္ဂဇင်း (၁၉၈၄ ခုနှစ်)မှ။

ဆရာမောင်ပန်းမွှေးက ဆေးမျိုးစုံကို ဖော်ပြထားပါ တယ်။ ဘဝအတွက်ဆေး၊ သံသရာအတွက်ဆေး၊ နွေဦးအတွက်ဆေး၊ မိုးဦးအတွက်ဆေး၊ နောက်ဆုံး တော့ ပြည်သူအတွက်ဆေး စသည်ဖြင့် ဖော်ပြထားပါ တယ်။

 

ဆေးအမျိုးမျိုး

ဘဝအတွက်ဆေးဆိုသည်က“အချစ်ဆေး” ဖြစ်ပါ တယ်။ အမုန်းတရားတွေဟာ ဘဝအတွက် “ဘေး”၊ ချစ်ခြင်းမေတ္တာကမှ ဘဝအတွက်“ဆေး” ဖြစ်ပါတယ်။ လောကကြီးအေးချမ်းသာယာဖို့ “စစ်ကိုမလုပ်နဲ့၊ အချစ် ကိုလုပ်”လို့ ဆိုထားသလိုပါပဲ။ ပူလောင်နေတဲ့ လောက ကြီးအတွက် အေးချမ်းတဲ့ ချစ်ခြင်းတရားများသာ အကောင်းဆုံးဆေးပဲ ဖြစ်ပါတယ်။ သံသရာအတွက်ဆေး ကတော့“ဒါန” ဆိုတဲ့ ပေးကမ်းလှူဒါန်းခြင်းပါတဲ့။ သံသရာရဲ့ အစဟာ အဝိဇ္ဇာဆိုတဲ့ မသိခြင်းနဲ့တဏှာဆိုတဲ့ အနှောင်အဖွဲ့တွေပါပဲ။ အဖန်ဖန်တလဲလဲ၊ ဘဝခန္ဓာများကို ရခြင်းဟာ၊ သံသရာ ဝဲဂယက်ထဲ လည်နေရခြင်းပါ၊ သံသရာကလွတ်စေမယ့် ဆေးတစ်မျိုးက “ ဒါန ” ပါလို့ ဆရာကဆိုပါတယ်။ နွေဦးအတွက်ဆေးဆိုရင်တော့ အားလုံးသိကြတဲ့အတိုင်း သာယာချိုမြတဲ့ “ ဥသြငှက်ရဲ့ တေးသံ”ပါ။ ဥဩရဲ့တေးသံနဲ့အတူ နွေဦးကာလလှပစွာ ထွက်ပေါ်လာမှာပါ။ တခြားဆေးမလိုပါတဲ့။ မိုးဦးအတွက် ဆေးက“မိုးတေးသံ”ပါတဲ့။ မိုးရွာဖို့ အုံ့ဆိုင်းနေတဲ့ တိမ်တောင်တိမ်လိပ်တွေကြားက ထွက်ပေါ်လာတဲ့ မိုးခြိမ်းသံတွေ၊ လောကလူတွေရဲ့ မိုးကို ကြိုဆိုတဲ့တေးသံ တွေများလားဆရာ။ ဒီတေးသံတွေက လောကသားတွေ မျှော်နေတဲ့ မိုးကို ကြိုဆိုလာကြလိမ့်မယ်။ မိုးအတွက်ဆေး ပါပဲ။ ဒါတွေအတွက် ဘာလို့ ဗေဒင်မေးနေစရာလိုလို့လဲ ဆရာက ဆိုပါတယ်။ ဟောလာပြီ - ငါတို့အတွက်ဆေး လူသားတွေအတွက် ဆေးကဘာပါလိမ့် “ ပညာဆေး ” တဲ့ခင်ဗျ။ လောကအမှောင်ထုကြီးကို ပညာနဲ့သာ လင်းစေနိုင်ခဲ့တာ။ လောကကြီး တိုးတက်ထွန်းကား လာတာ ပညာကြောင့် ၊ ပညာဆိုတဲ့ဆေးကြောင့် လူသား တွေရဲ့ဘဝတွေ တိုးတက်လာခဲ့တာ။ လူ့နှလုံးသားတွေကို နူးညံ့ စေရုံတင်မက လူသားများ တွေ့ကြုံခံစားကြရတဲ့ ကိုယ်စိတ်ဝေဒနာတွေကို ကုစားပေးမယ့် အေးချမ်းစေ မယ့်ဆေးကတော့ “ အဝေရာဆေး၊ သစ္စာဆေး”။

 

ပြည်သူတွေ ချစ်တဲ့ဆေးပဲ ဖြစ်ပါတယ်။ တို့ တစ်တွေ အားလုံးချစ်ကြတဲ့ ဆေးကလည်း စေတနာဆေးမေတ္တာဆေး ပါတဲ့။ ဗေဒင်မမေးနဲ့ ဆန်ကုန်တယ်။ သိပ္ပံပညာအရ ပေါ်ထွက်လာတဲ့ ရုပ်ဝတ္ထုဆေးအပြင် ဆေးပညာရှင်အားလုံ ရဲ့ ရင်ထဲကလာတဲ့စေတနာဆေး၊ မေတ္တာဆေး၊ သစ္စာဆေး၊ အဝေရာဆေးတွေပေါ့။ ဆေးပညာနဲ့ ဆေးကုရာမှာ ပညာကို နှလုံးသားနဲ့ပေါင်းပြီးကုသရင် ပိုပြီးထက်မြက်ပါ တယ်။ စာနာခြင်း၊ ကရုဏာထားခြင်း စတဲ့နူးညံတဲ့ စိတ်ခံစားမှုများနဲ့အတူ ကုသမှုဟာ လောကဓာတ်နည်းတွေ နဲ့ တိုင်းတာမရနိုင်တဲ့အကျိုးကျေးဇူးများ ရရှိစေနိုင်ပါ တယ်။ ဒါကြောင့် ဆေးပညာရှင်များ ဖြစ်လာကြမယ့် ဆရာဝန်လောင်းများကို ၁၉၈၄ ခုနှစ်ကပင် ဆရာ မောင်ပန်းမွှေးက “ငါတို့ချစ်တဲ့ဆေး” ကဗျာနဲ့ ရေးဖွဲ့ဂုဏ်ပြု ခဲ့ဟန်ဖြစ်ပါတယ်။ ဒီကဗျာလေးက ၁၉၈၄ ခုနှစ် ဆေးတက္ကသိုလ်(၂) နှစ်လည်မဂ္ဂဇင်းထဲမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

 

လူသားတိုင်းရဲ့ အကျပ်အတည်း

ရန်ကုန်ဆေးတက္ကသိုလ်(၂) ရဲ့ နှစ်လည်မဂ္ဂဇင်းများကို ၁၉၆၈ ခုနှစ်ကတည်းက ထုတ်ဝေခဲ့ကြပြီး ၁၉၈၈ ခုနှစ် အထိ ၁၂ အုပ် ထုတ်ဝေနိုင်ခဲ့ပါတယ်။ အဲဒီမှာ ပင်တိုင်ကဗျာ ပေါင်း ၈၅ ပုဒ် ပါဝင်ခဲ့ပြီး ထင်ရှားတဲ့ ကဗျာဆရာကြီးရှစ်ဦးတို့ ပါဝင်ရေးသားခဲ့ကြပါတယ်။ ဆရာကြီး ဇော်ဂျီ၊ မင်းသုဝဏ်၊ တင်မိုး၊ မောင်စွမ်းရည်၊ ဒဂုန်တာရာ၊ ဒေါင်းနွယ်ဆွေ၊ ကြည်အေးနဲ့ မောင်ပန်းမွှေးတို့ ဖြစ်ကြပါတယ်။ အများစုတို့ ဟာ ကွယ်လွန်ခဲ့ကြပါပြီ။ ဆရာမောင်ပန်းမွှေးဟာ မကြာမီ ၁၅- ၉- ၂၀၂၀ ရက်နေ့ကမှ ကွယ်လွန်သွားကြောင်း သိရပါ တယ်။ အသက် ၈၀ ကျော်ရှိ ဆရာမောင်စွမ်းရည်သာ ကျန်နေပါတော့တယ်။ ဆရာမောင်စွမ်းရည်(ဆရာစွမ်း)ကို သူတို့ခေတ်ရဲ့ ကဗျာအကြောင်း၊ စာအကြောင်း၊ ရုပ်ပုံလွှာ တစေ့တစောင်းရေးပေးဖို့ ပန်ကြားပြီး“ ကဗျာဆရာကြီး ရှစ်ဦးတို့ရဲ့ ရုပ်ပုံလွှာအမှတ်တရများ” စာအုပ်ကို ဆေး(၂) ကျောင်းသားဟောင်းများက ထုတ်ဝေခဲ့လို ဖတ်ရှုခံစားရပါ တယ်။ ဒီလို စုဆောင်းပြီး ထုတ်ဝေနိုင်တဲ့အထိ စွမ်းဆောင် နိုင်ကြတဲ့ ဆေး(၂) ဘွဲ့ရ ဆရာဝန်ကြီးများကိုလည်း အထူးကျေးဇူးတင်မိပါတယ်။

 

အထူးသဖြင့် မကြာသေးမီကမှ ကွယ်လွန်သွားတဲ့မောင်ပန်းမွှေးကို စာရေးသူတို့ ကျောင်းသားဘ၀၊ တက္ကသိုလ်ကျောင်းသားဘဝများမှာ အထူးနှစ်သက် လေးစားခဲ့ပါတယ်။ အဲဒီကာလများက မန္တလေးတက္ကသိုလ် က ဆရာတင်မိုး၊ မောင်စွမ်းရည်တို့နဲ့ ခေတ်ပြိုင်ရန်ကုန် တက္ကသိုလ်ထွက် ထင်ရှားတဲ့ ကဗျာဆရာဆိုလို့ ဆရာ မောင်ပန်းမွှေးကိုသာ ဖော်ပြနိုင်တယ်လို့ သိရပါတယ်။ အဲဒီလွန်ခဲ့တဲ့ နှစ် ၄၀ လောက်က ပို့စကတ်ကဗျာ၊ အချစ် ကဗျာ၊ အနုအရွ အလှကဗျာလေးတွေမှာ “မောင်ပန်းမွှေး” ဆိုတဲ့အမည်ဟာ မပါမဖြစ်လို့ ဆိုရလောက်အောင် လူကြိုက် များ နှစ်သက်ခဲ့ကြပါတယ်။ သီကုံးမှု နိဿယတွေ၊ ခံစား ဖန်တီးမှုတွေ စသည်တို့ဟာ ထူးခြားလှတာကြောင့် ခေတ် လူငယ်များကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဆရာမောင်ပန်းမွှေးဟာ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာလည်း အမှုထမ်းခဲ့ ပါတယ်။ ဆရာ့ရဲ့ခံစားမှုရသကဗျာများစွာအပြင် အခုဖော်ပြ ထားတဲ့ “ငါတို့ချစ်သည့်ဆေး” ကဗျာကတော့ အခုလို ကာလနဲ့တောင် ပိုကိုက်ညီနေသလား ထင်မိပါတယ်။ ကိုဗစ်- ၁၉ရောဂါကြီးကို ဘယ်လို အဆုံးသတ်ကြမလဲဆိုတဲ့ မေးခွန်းကို လူအများ သိချင်နေကြပါတယ်။ ဒီရောဂါ ကြီးဟာ ကျန်းမာရေးပြဿနာ (Health Crisis )သာ မဟုတ် တော့ Human Crisis လို့တောင် ခေါ်နိုင်တဲ့ တစ်ကမ္ဘာ လုံးမှာရှိတဲ့ လူသားတိုင်းရဲ့ ပြဿနာအကျပ်အတည်း ဖြစ်ပါ တယ်။ ကပ်ရောဂါကြောင့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးရေး၊ လူမှုရေးကစလို့ အရာရာသော အမှုကိစ္စများကို ထိခိုက်ဆုံးရှုံးနေစေတာ တွေ့နိုင်ပါ တယ်။ လူသားပေါင်းသန်း ၃၀ ခန့် ကူးစက်ခံရ၊ လူတစ်သန်းနီးပါးခန့် အသက်ဆုံးကြရတဲ့အပြင် ဆက်လက်ပြီးလည်း ကူးစက်ပျံ့နှံ့နေဆဲ၊ ဒုက္ခအပေါင်း ကျရောက်နေစေဆဲလည်း ဖြစ်ပါတယ်။ ကိုဗစ်- ၁၉ကို ဘယ်လိုအဆုံးသတ် နိုင်မလဲဆိုတော့ အောက်ပါအချက် (၃)ချက်ကို တွေ့ရပါတယ်။

 

(၁) (Medications) တိကျသောဆေးဝါးကုသမှုများ။

(၂) (Vaccines) ကာကွယ်ဆေးများ။

(၃) (Social- control measures) လူတိုင်း အချင်း ချင်းအကြား မကူးစက်စေနိုင်သည့် နေထိုင်သွားလာ ဆက်ဆံမှုပုံစံများကို ဆက်လက်ဆောင်ရွက်သွားရန်။

 

ယင်းတို့မှာ လက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ အိမ်မှာသာနေခြင်း၊ မလိုအပ်ဘဲ အိမ်ပြင်မထွက်ခြင်း၊ လူစုလူဝေးလုပ်ခြင်းများ မှ လုံး၀ရှောင်ကြဉ်ခြင်း စသည့်ကူးစက်မှုလမ်းကြောင်း များကို ဖြတ်တောက်ခြင်းဆိုသည့် လူမှုဆက်ဆံရေး လုပ်ငန်းများဖြစ်သည်။ ယင်းတို့သည် အလွန်ထိရောက် သော၊ ကာကွယ်ခြင်းနည်းလမ်းများဖြစ်သည်။ အများ ပြည်သူတို့က အသိတရားရှိရှိဖြင့် ပူးပေါင်းပါဝင်ကြလျှင်၊ အလွန်ထိရောက်မှုရှိသည့် နည်းလမ်းဖြစ်ပါသည်။ ကိုဗစ် - ၁၉ ပိုးတို့သည် လေထဲရှိ အမှုန်အမွှားလေးများမှာ ခိုကပ်ပြီး ယင်းတို့ကို ရှူရှိုက်မိခြင်း၊ ထိတွေ့မိခြင်း၊ စကားပြောခြင်း၊ အလုံခန်းထဲတွင် အတူနေမိခြင်း စသည်တို့ကြောင့် ကူးစက်နိုင်ပါသည်။ ထို့အတွက် social- control measures တို့သည် အလွန်အရေး ပါပါသည်။ ရောဂါပိုးတို့ ထွက်ခွာသွားစေလိုလျှင် လူအများတို့ လိုက်နာဆောင်ရွက်ရန်သာ ဖြစ်ပါသည်။ စသည်ဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ.ကြီးက ထုတ်ပြန် ထားပါတယ်။

 

အစွမ်းထက်တဲ့ဆေး

အဲဒီမှာ ကာကွယ်ဆေးနဲ့ ကုသဆေးတို့က အလွန် ထိရောက်ပေမယ့် လက်လှမ်းမမီနိုင်သေးပါဘူး။ အထူး သဖြင့် လူမှုရေးဆောင်ရွက်မှုများ social measures များကိုသာ အဓိကထားကြရမယ့်အခြေအနေ ဖြစ်ပါ တယ်။ အသိစိတ်ဓာတ်တွေ၊ စည်းကမ်းတွေ၊ ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့သာလျှင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ကြမှာ ဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာရှိတဲ့ နိုင်ငံသားတွေရဲ့ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်အပေါ် ထားတဲ့ စိတ်သည်သာလျှင် ထိရောက်တဲ့ “ဆေး” ဖြစ်ပါ တယ်။ စေတနာဆေး၊ မေတ္တာဆေး၊ သစ္စာဆေး၊ အဝေရာ ဆေး စတဲ့ဆရာမောင်ပန်းမွှေး ရေးဖွဲ့ထားတဲ့ ပြည်သူ ချစ်တဲ့ ဆေးများသည်သာလျှင် အထိရောက်ဆုံး ဖြစ်ပါ လိမ့်မယ်။ အထူးသဖြင့် အခုလို ကူးစက်မှုပြင်းထန်နေချိန် မှာ ပိုးတွေ့အတည်ပြုလူနာများကို ရှေ့တန်းကနေ ရွပ်ရွပ် ချွံချွံ ကုသပြုစုပေးနေတဲ့ ဆေးဝန်ထမ်းများ၊ လူပေါင်း နှစ်သိန်းခန့်အထိ မနေမနား စစ်ဆေးပေးနေတဲ့ ဆေးပညာရှင်များအားလုံး၊ စေတနာလုပ်အားရှင်များ အပါအဝင် တာဝန်ရှိသူအားလုံးတို့ကို အထူးလေးစား မိတာအမှန်ပါ။ ပိုးတွေ့လူနာများကို ပြုစုပေးနေရင်းက မိမိတို့ပါ ကူးစက်ခံနေရတာကို အမှုမထားဘဲ အထူး ကြပ်မတ်ခန်းထဲက မထွက်၊ အထဲကနေ လုပ်စရာရှိသည် များ ဆက်လုပ်ပေးနေ၊ မကူးခံရသေးသူများဆီ မကူး စက်စေဖို့ ထပ်ဆောင်းအနစ်နာခံနေကြတဲ့ ကျန်းမာရေး ဝန်ထမ်းများကို များစွာလေးစားချီးကျူးမိပါတယ်။ ဘာသာ သာသနာအဆုံးအမများနဲ့ နှလုံးသားများ နူးညံ့ နေတဲ့ မြန်မာနိုင်ငံသားများရဲ့ချစ်စရာ စိတ်ထားများဟာ ကိုဗစ်အတွက် အစွမ်းထက်တဲ့ဆေးပဲ ဖြစ်ပါတယ်။ ဆရာမောင်ပန်းမွှေး ရေးဖွဲ့သလို” ငါတို့ချစ်တဲ့ဆေး၊ စေတနာဆေး၊ မေတ္တာဆေး၊ သစ္စာဆေး၊ အဝေရာဆေး” များနဲ့ ကိုဗစ် - ၁၉ ကို လက်တွဲတိုက်ထုတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

 

ကဗျာစာဆိုကြီး ဆရာမောင်ပန်းမွှေးကိုလည်း လေးစားစွာ ဂုဏ်ပြုအပ်ပါကြောင်းပါခင်ဗျာ။ ။