မော်လမြိုင်မြို့နယ်အတွင်း မီတာဖတ်ရှုမှုမှန်ကန်ရေးနှင့် E Meter Application မှ မီတာလျှောက်ထားနေမှုနှင့် လျှပ်စစ်ဓာတ်အားခွဲရုံ ကွင်းဆင်းကြည့်ရှု

မော်လမြိုင် ဩဂုတ် ၂၆

 

မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးသည် မော်လမြိုင်မြို့နယ်အတွင်း မီတာဖတ်ရှုမှု မှန်ကန်စေရေးနှင့် သတ်မှတ်ရက်အတွင်း မီတာဘေလ်များကို မီးသုံးသူပြည်သူများထံ အချိန်မီပေးပို့နိုင်ရေးအတွက် ဩဂုတ် ၂၅ ရက် မွန်းလွဲပိုင်းက မွန်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံး အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများ၊ မီတာဖတ်စာရေးများနှင့် တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးက ပြည်သူများထံ မီတာဘေလ်များ သတ်မှတ်ရက်အတိုင်း မှန်မှန်ကန်ကန်ရောက်ရှိရေး၊ မီတာဖတ်ရှုရာတွင် တိကျမှန်ကန်မှုရှိရေးနှင့် ပြည်သူလူထု ဝန်ဆောင်မှုရရှိရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြား၍ မွန်ပြည်နယ်အတွင်း E Meter Application ဖြင့် အွန်လိုင်းမှ မီတာလျှောက်ထားလာသည့် ကိစ္စရပ်များကို ပြည်နယ်ရုံးမှ ဝန်ထမ်းများက စိစစ်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ယနေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးသည် သံဖြူဇရပ်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ၆၆/၃၃/ ၁၁ ကေဗွီ ၂၀ အမ်ဗွီ အေဓာတ်အားခွဲရုံသို့ သွားရောက်ပြီး ဓာတ်အားပြတ်တောက်မှု မကြာခဏမဖြစ်ပေါ်စေရေးအတွက် ခွဲရုံစက်ပစ္စည်းများ ပုံမှန်စစ်ဆေးထိန်းသိမ်းခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန်မှာကြားကာ ဓာတ်အားခွဲရုံအတွင်းရှိ ၂၀ အမ်ဗွီအေ ထရန်စဖော်မာကြီးများနှင့် ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အားဖြန့်ဖြူးပေးနေသည့်စနစ်များ ပုံမှန်လည်ပတ်နိုင်မှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)