ရန်ကုန် စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တွင် အမှတ်(၃၅)ယာဉ်ထိန်းတပ်ဖွဲ့စုမှ ကျောင်းသား ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၆)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း မြတ်လေးဆောင်၌ ပြုလုပ်သည်။
ဦးစွာ အမှတ်(၃၅) ယာဉ်ထိန်းတပ်ဖွဲ့စုမှ မြို့နယ်တပ်စုမှူး ဒုတိယရဲမှူးက လမ်းဖြတ်ကူးရာတွင် လိုက်နာရမည့် စည်းကမ်းများ၊ ခြေကျင်လမ်းလျှောက်သူများ လိုက်နာရမည့် စည်းကမ်းများ၊ လက်အချက်ပြ သင်္ကေတများ၊ အုပ်စုလိုက် အစုအဝေးဖြင့် လမ်းလျှောက်သူများ လိုက်နာရမည့် စည်းကမ်းများ၊ အနှေးယာဉ်စီးနင်းသူများ လိုက်နာရမည့် စည်းကမ်းများကို အသိပညာပေး ဟောပြောခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)


