မြစ်ကြီးနား သြဂုတ် ၂၄
မြစ်ကြီးနားတက္ကသိုလ်၌ နိုင်ငံတကာပညာရေး ဖိုရမ်(၂၀၂၆)ကို ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါဖိုရမ် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီ ၁၇ ခုကို ဖွဲ့စည်းထားကာ သက်ဆိုင်ရာ ဆပ်ကော်မတီအလိုက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ယနေ့မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည့် ဖိုရမ်အောင်မြင်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှ သိရသည်။
ညှိနှိုင်းဆောင်ရွက်
အစည်းအဝေးတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာကြသူများက ဖိုရမ်ကျင်းပမည့် အစီအစဉ်များ၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် အစီအမံများ တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
ထို့ပြင် နံနက်ပိုင်းကလည်း အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည့် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ကျောင်းကျန်းမာရေး သီတင်းပတ် အထိမ်းအမှတ် အခြေခံပညာအဆင့် ပန်းချီ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ထို့အတူ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းချုပ်နှင့် ပြည်နယ်မိခင်နှင့် ကလေးအသင်းအဖွဲ့ဝင်များနှင့်အတူ အလယ်တန်း ကျောင်းသားများအား သန်ချဆေးနှင့် ကျောင်းသူများအား သံဓာတ်အားဆေး တိုက်ကျွေးကြကာ ကျန်းမာရေး အသိပညာပေးပြခန်းများ ဖွင့်လှစ်ပြသထားရှိမှုနှင့် KG ကလေးငယ်များအား ကျောင်းတွင်းအာဟာရ ကျွေးမွေးမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


