မြစ်ကြီးနားမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲကျင်းပ

မြစ်ကြီးနား အောက်တိုဘာ   ၁၂

ကချင်ပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီ နာယကဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်) ပြိုင်ပွဲတွင် အခြေခံပညာကျောင်း   ရှစ်ကျောင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ကျောင်းသူလေးများ၏  အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) သုံးယောက်တွဲနှင့် ကိုးယောက်တွဲ ယှဉ်ပြိုင်မှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊  ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က နည်းပြများနှင့် ဒိုင်အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ဆုရအသင်းများအား တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။

ဆုချီးမြှင့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနက ကျင်းပသည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု  ပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာများနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအတွက် ထောက်ပံ့ကြေးပေးအပ်ပွဲသို့ တက်ရောက်အမှာစကားပြောကြားသည်။

အဆိုပါပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်  ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများက ကချင်ပြည်နယ်အတွင်းရှိ  ပရဟိတဂေဟာ ၁၅ ကျောင်း၊ ဘိုးဘွားရိပ်သာ သုံးခုတို့အတွက်   ဆန်ဖိုးငွေကျပ် ၆၆၁၅၀၀၀၀၊ စားစရိတ်အဖြစ် ငွေကျပ် ၄၇၈၁၅၀၀၀၊ ဝတ်စုံစရိတ်အဖြစ် ငွေကျပ် ၁၃၁၀၀၀၀၀၊ ဂေဟာမှူးများ လစာအဖြစ် ငွေကျပ် ၁၄၄၀၀၀၀ ဖြင့် စုစုပေါင်းငွေကျပ် ၁၂၈၅၀၅၀၀၀ ကို လည်းကောင်း၊ ပြည်နယ်အတွင်းရှိ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ၆၅ ကျောင်းအတွက် တစ်ကျောင်းလျှင်  ၁၀၆၀၀၀၀ ဖြင့် စုစုပေါင်း ထောက်ပံ့ကြေးငွေကျပ် ၁၉၇၄၀၅၀၀၀ ကိုလည်းကောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)