မြစ်ကြီးနား စက်တင်ဘာ ၂
ကချင်ပြည်နယ်သည် သယံဇာတပေါကြွယ်ဝပြီး တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်သော ပြည်နယ်တစ်ခုဖြစ်သည့်အတွက် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးနှင့် ပြည်နယ် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ယနေ့ ရွေးကောက်တင်မြှောက်မည့် အဖွဲ့ဝင်သစ်များက မိမိတို့ ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ပူးပေါင်း ဆောင်ရွက်မည်ဟု ယုံကြည်ပါကြောင်း ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ ရွှေပြည်စံခန်းမ၌ကျင်းပသည့် ကချင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (KSCCI) ၏ ၂၀၂၆-၂၀၃၀ ခုနှစ်အတွက် အလုပ်အမှုဆောင်အသစ်များ ရွေးချယ်တင်မြှောက်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောကြားသည်။
အဆိုပါ ရွေးချယ်တင်မြှောက်ပွဲသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်ကြသည်။
ဆက်လက်၍ အသင်း၏ ရွေးကောက်တင်မြှောက်ပွဲ ကျင်းပရေးကော်မတီအဖွဲ့ ခေါင်းဆောင် ဦးကျော်ဌေးက အသင်း၏လုပ်ငန်းဆောင်ရွက်မှု၊ ၂၀၂၆-၂၀၃၀ ခုနှစ် ငါးနှစ်တာအတွက် အလုပ်အမှုဆောင်အသစ်များ ရွေးချယ်နိုင်ရေး ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များနှင့် ရွေးကောက်ခံရသော အလုပ်အမှုဆောင်၊ ဗဟိုအလုပ်အမှုဆောင်များ၏ စာရင်းအား အတည်ပြုထုတ်ပြန်ခြင်း၊ အလုပ်အမှုဆောင်သစ်များကို မိတ်ဆက်ခြင်းနှင့် သက်တမ်းကုန် အလုပ်အမှုဆောင်အဖွဲ့များ တာဝန်မှ အနားယူကြောင်း ကြေညာခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး အသင်းဥက္ကဋ္ဌအသစ် ဦးအားဖူရီမိလီက မိတ်ဆက်စကားပြောကြားသည်။
ထို့ပြင် မြစ်ကြီးနားမြို့ တပ်ကုန်း (ကြာရာပတ္တီး-အေ) ရပ်ကွက်အတွင်း ပြည်နယ်အစိုးရအဖွဲ့က MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေကျပ်သိန်း ၅၀၀ ရင်းနှီးမတည်မှုဖြင့် ဒေသထွက် သား/ငါးများအား အသင့်စား စားသောက်ကုန်များအဖြစ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် WaDu Seng Pan ကချင် ရိုးရာ အသင့်စား စားသောက်ကုန် လုပ်ငန်း အလုပ်ရုံသို့ သွားရောက်ပြီး အလုပ်ရုံသစ်ဖွင့်လှစ်ထားရှိမှုနှင့် လုပ်ငန်းစတင်လည်ပတ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းမှ ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနိုင်မှု အခြေအနေများ၊ ကုန်ကြမ်းရရှိမှု အခြေအနေများကို မေးမြန်းခဲ့ကြကာ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ ရွှေညောင်ပင် ရပ်ကွက်အတွင်းဒေသတွင်း နို့စားနွားများ မွေးမြူ၍ နို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရောင်းချလျက်ရှိသော စူပါဝမ်းသမဝါယမအသင်း နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူရေးလုပ်ငန်းသို့ သွားရောက်၍ နို့စားနွားများအား ခြံလှောင်စနစ်ဖြင့် စနစ်တကျမွေးမြူ၍ နွားနို့နှင့် နို့ထွက်ပစ္စည်း စားသောက်ကုန် ကုန်ချောအဆင့် ထုတ်လုပ်ရောင်းချနိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းတိုးချဲ့နိုင်ရေးနှင့် နို့စား နွားမများ တိုးတက်မွေးမြူနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ (စတုတ္ထနှစ်) စက်ဝန်းမှ ရင်းနှီးမတည်ပေးနိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး မွေးမြူရေး အထောက်အကူပြု ဆေးဝါးပစ္စည်းများနှင့် နွားစာအိတ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


