မစ်ဒယ်ဝိတ်တန်းချန်ပီယံဆုကို ပြန်လည် ရယူပေးမည်ဟု မြန်မာပရိသတ်များကို ကတိပြုလိုက်သည့် အောင်လအန်ဆန်း

၃၁  အောက်တိုဘာ

 

မနေ့ညက ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့  မစ်ဒယ်ဝိတ်တန်းချန်ပီယံ ကာကွယ်ပွဲမှာ နယ်သာလန်သား  ဒီရစ်ဒါကို ရှုံးနိမ့်ပြီး   ကမ္ဘာ့ချန်ပီယံဘွဲ့ကို လွှဲပြောင်းပေးခဲ့ရပေမယ့် သူ့အနေနဲ့ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်ပြီး  မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ပြန်လည် ရယူပေးမှာဖြစ်ကြောင်း   သူ့ရဲ့ဖေ့စ်ဘွတ် စာမျက်နှာက တစ်ဆင့်  မြန်မာပရိသတ်တွေကို ကတိပြုလိုက်ပါတယ်။

 

အောင်လရှုံးပွဲကြောင့် ငိုကြွေးနေတဲ့ ကလေးငယ်တစ်ဦးရဲ့ ဗီဒီယို ဖိုင်နဲ့အတူ “ ကျွန်တော် အသန်မာဆုံး၊  အကောင်းဆုံးပုံစံနဲ့ လေ့ကျင့်ပြင်ဆင် ပြန်လည်ရင်ဆိုင် ထိုးသတ်ပြီးတော့ မစ်ဒယ်ဝိတ်တန်း  ချန်ပီယံခါးပတ်ကို  ပြန်လည်အရ ယူမယ်လို့ ကတိပေးပါတယ်။ ဒီတော့ ငိုကြွေး မနေပါနဲ့” လို့ရေးသားခဲ့ပါတယ်။

 

အောင်လဟာ ဒီရစ်ဒါကို ပထမအချီမှာပဲ ရှုံးနိမ့်ခဲ့ပြီး   မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ခါးပတ်ကို မကာကွယ်နိုင်ခဲ့ပေမယ့် ရှုံးနိမ့်ပြီး နာရီပိုင်းအကြာမှာပဲ  အားပေးခဲ့သူတွေ အားလုံးကို ကျေးဇူးတင်ကြောင်း ဆိုခဲ့သလို ယခုလည်း  မစ်ဒယ်ဝိတ်တန်း ခါးပတ်ကို ပြန်လည် ရယူပေးမှာဖြစ်ကြောင်း ကတိပြုလိုက်တာဖြစ်ပါတယ်။

 

ပွဲအပြီး လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အောင်လအနေနဲ့ ဒီရစ်ဒါကို ပထမအချီမှာပဲ ရှုံးနိမ့်ခဲ့တာဟာ ပြိုင်ဘက်ကို လျှော့တွက်ခဲ့တာကြောင့်လားဆိုတဲ့ သတင်းထောက်တွေရဲ့ အမေးကို အောင်လက သူ့အနေနဲ့ လျှော့တွက်ပြီး ကစားခဲ့တာမဟုတ်သလို အကောင်းဆုံး လေ့ကျင့်ခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

 

မေလဲ့သင်း