နေပြည်တော် အောက်တိုဘာ ၂၆
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) မင်္ဂလာအခါသမယ၌ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဘုရားဖူးပြည်သူ ရဟန်းရှင်လူအပေါင်းတို့ စိတ်အေး ချမ်းသာစွာ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုနိုင်စေရန်နှင့် ခရီးသွားလာရေး လွယ်ကူချောမွေ့စေရန်အတွက် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၏ စီစဉ်မှုဖြင့် တော်ဝင်ယာဉ်လိုင်း ရှစ်စီးနှင့် ရာဇာမင်း EV ယာဉ်တစ်စီးတို့ဖြင့် အောက်တိုဘာ ၂၆ ရက်မှ ၂၇ ရက်အထိ နှစ်ရက်တိုင်တိုင် အသွားအပြန် အခမဲ့ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခမဲ့ပြေးဆွဲပေးမည့် ခရီးစဉ်များကို နံနက်ပိုင်းနှင့် ညနေတစ်ခေါက်စီနှုန်းဖြင့် လမ်းကြောင်း (၁) အဖြစ် ဘောဂသီရိကားဝင်း၊ နှင်းဆီပန်းအဝိုင်း၊ ရွှေညောင်ပင်ဂိတ်၊ နေပြည်တော်ကောင်စီရုံးရှေ့၊ ဇမ္ဗူသီရိဆေးရုံရှေ့၊ စည်ပင်ဧည့်ရိပ်သာ (၁/၂) ရှေ့၊ သပြေကုန်းအဝိုင်း၊ ပရဆေးဥယျာဉ်၊ မြို့မဈေး၊ သုခတော်ဝင်အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ NSA၊ ဉာဏသိဒ္ဓိရပ်ကွက်၊ ဘိုးဘွားရိပ်သာမှ မာရဝိဇယ ဘုရားအထိဖြစ်သည်။
လမ်းကြောင်း (၂) အဖြစ် လယ်ဝေးမြို့၊ အောင်ဇေယျတြိဂံလမ်းဆုံ၊ လယ်ဝေးအားကစားကွင်း၊ ရွှေအင်ကြင်း၊ ဒက္ခိဏသီရိဈေး၊ ကံ့ကော်ပန်းအဝိုင်း၊ Excel Capital လမ်းဆုံ၊ တုံဂပူရိလမ်းဆုံ၊ Junction Center အဆင့်မြင့်ဈေး၊ ခုတင် (၁၀၀၀) ဆေးရုံ၊ မြို့မဈေး၊ သုခတော်ဝင်အိမ်ရာ၊ ဓနသိဒ္ဓိ ရပ်ကွက်၊ နည်းပညာတက္ကသိုလ်မှ မာရဝိဇယဘုရားအထိ ဖြစ်သည်။
လမ်းကြောင်း (၃) အဖြစ် သိုက်ချောင်းလမ်းဆုံ၊ တိရစ္ဆာန်ဥယျာဉ်၊ ရေဆင်းကျေးရွာ၊ ပင်လောင်း လမ်းဆုံ၊ လှေခွင်းတောင်လမ်းခွဲ၊ ကျောက်ချက်၊ ဘောဂသီရိကားဝင်း၊ နှင်းဆီပန်းအဝိုင်း၊ ရွှေညောင်ပင်ဂိတ်၊ နေပြည်တော်ကောင်စီရုံးရှေ့၊ ဇမ္ဗူသီရိဆေးရုံ၊ စည်ပင်ဧည့်ရိပ်သာ (၁/၂) ရှေ့၊ သပြေကုန်းအဝိုင်း၊ ပရဆေးဥယျာဉ်၊ မြို့မဈေး၊ သုခတော်ဝင်အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ NSA၊ ဉာဏသိဒ္ဓိရပ်ကွက်၊ ဘိုးဘွားရိပ်သာမှ မာရဝိဇယဘုရားအထိ ဖြစ်သည်။
လမ်းကြောင်း (၄) အဖြစ် သိုက်ချောင်းလမ်းဆုံ၊ ခုတင် (၃၀၀) ဆေးရုံ၊ ကျည်တောင်ကန်လမ်းဆုံ၊ နေပြည်တော်ဘူတာကြီး၊ NSPU၊ အင်ကြင်းပန်းအဝိုင်း၊ ပတ္တာရဲစခန်းရှေ့၊ ကုမုဒြာကြာပန်းအဝိုင်း၊ စည်ပင်အိမ်ရာ၊ သပြေကုန်းအဝိုင်း၊ ပရဆေးဥယျာဉ်၊ မြို့မဈေး၊ သုခတော်ဝင်အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိ ရပ်ကွက်၊ NSA၊ ဉာဏသိဒ္ဓိရပ်ကွက်၊ ဘိုးဘွားရိပ်သာမှ မာရဝိဇယဘုရားအထိလည်းကောင်း ပြေးဆွဲပေးလျက်ရှိသည်။
ယခုကဲ့သို့ အဘိဓမ္မာအခါတော်နေ့ သီတင်းကျွတ် ရုံးပိတ်ရက်များအတွင်း လျှပ်စစ် EV ယာဉ်များနှင့် ခေတ်မီ ယာဉ်လိုင်းများဖြင့် အခမဲ့ပြေးဆွဲပေးခြင်းကြောင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓ ဥယျာဉ်တော်အတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများသို့ သွားရောက်ဖူးမြော်လိုကြသည့် ဘုရားဖူး ပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများအတွက် ခရီးစရိတ်သက်သာစွာ စိတ်အေးချမ်းသာစွာ သွားရောက်ဖူးမြော်နိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
သျှင်ဦးမောင်(ဒက္ခိဏ)




