မာဒါဂတ်စကာ၌ ပလိပ်ရောဂါ အတည်ပြုလူနာ လေးဦးနှင့် သံသယလူနာ ငါးဦး တွေ့ရှိ

အန်တာနာနာရီဗို  အောက်တိုဘာ  ၁၄

မာဒါဂတ်စကာနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံအတွင်း ပလိပ်ရောဂါအတည်ပြုလူနာ လေးဦးနှင့် သံသယလူနာ ငါးဦးတွေ့ရှိထားကြောင်း အောက်တိုဘာ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

တရားဝင်ထုတ်ပြန်ချက်အရ အတည်ပြုလူနာ လေးဦးကို မြို့တော် အန်တာနာနာရီဗို၏ မြောက်ဘက်ရှိ အန်ကာဇိုဘေး၊ အန်ဂျိုဇိုရိုဘေးနှင့် အမ်ဘိုဟီမာနာဆိုရာဒေသတို့တွင် တွေ့ရှိခဲ့သည်။   သံသယလူနာ ငါးဦးကို    နိုင်ငံအရှေ့တောင်ပိုင်းရှိ   မီဒွန်ဂျီအဆီမိုအဆီမိုခရိုင်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူနာများနှင့် ထိတွေ့ဆက်ဆံခဲ့သူ ၂၀၀ ခန့်ကို ကျန်းမာရေးဝန်ထမ်းများက အနီးကပ်စောင့်ကြည့်လျက်ရှိပြီး ကြိုတင်ကာကွယ်သည့် ကုသမှုများကိုလည်း ပေးအပ်ထားကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

ကျန်းမာရေးအာဏာပိုင်များသည် သံသယလူနာအသစ်များကို ရှာဖွေဖော်ထုတ်ခြင်း၊  လူနာများနှင့်   ထိတွေ့ခဲ့သူများကို   ခြေရာခံစစ်ဆေးခြင်းတို့အပါအဝင် ရောဂါကူးစက်မှုထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ရောဂါဖြစ်ပွားသည့် ဒေသများနှင့် အနီးဝန်းကျင်တွင် ရောဂါပိုးများနှိမ်နင်းရန် ပိုးသတ်ဆေးဖျန်းခြင်းကိုလည်း ဆောင်ရွက်ခဲ့သည်။ ပြည်သူများအနေဖြင့် သတိဝီရိယရှိကြရန်နှင့် ပလိပ်ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များကို လိုက်နာကြရန် ကျန်းမာရေးဝန်ကြီး ဌာနက တိုက်တွန်းထားသည်။    

ဆင်ဟွာ