M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲတွင် ဇယားထိပ်ဆုံးမှ အား/ကာသိပ္ပံအသင်း နိုင်ပွဲပြန်ရ

ရန်ကုန်   အောက်တိုဘာ   ၁၄

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်တို့က ကြီးမှူး၍ Grand Royal၊ AYA Bank နှင့် AYA Pay တို့၏ အဓိကပံ့ပိုးကူညီမှုဖြင့်ကျင်းပသည့် ၂၀၂၆  M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၉) နောက်ဆုံးနေ့ကို အောက်တိုဘာ ၁၄ ရက်က ဆက်လက်ကျင်းပရာ ဇယားထိပ်ဆုံးမှ အား/ကာသိပ္ပံအသင်း နိုင်ပွဲပြန်ရခဲ့သည်။

ဗဟန်းကွင်း၌ ကျင်းပသည့်ပွဲတွင်  အား/ကာသိပ္ပံအသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ နှစ်ပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုကြောင့်   ဒုတိယနေရာမှ  ရန်ကုန်ယူနိုက်တက်အသင်း၏ တစ်မှတ်အကွာ ဖြင့် ဖိအားပေးခြင်းခံနေရသည့် အား/ကာသိပ္ပံအသင်း နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့သည်။ အား/ကာသိပ္ပံအသင်းအတွက် အနိုင်ဂိုးများကို ၁၈၊ ၇၁ မိနစ်တို့တွင် စစ်ငြိမ်းချမ်းဦး၊ ၇၄ မိနစ်တွင် ချစ်ရင်ထူးတို့က သွင်းယူပြီး ဟံသာဝတီ ယူနိုက်တက်အသင်းအတွက် ချေပဂိုးကို ၆၅ မိနစ်တွင် ဇင်မင်းဟန်က သွင်းယူသည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို အား/ကာသိပ္ပံအသင်းအတွက် စစ်ငြိမ်းချမ်းဦးကရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် နှစ်သိန်းရရှိသည်။ စစ်ငြိမ်းချမ်းဦးသည်  AYA Pay Player of the Match ဆုကို ခုနစ်ကြိမ်မြောက် ရရှိခြင်းဖြစ်သည်။

အခြားပွဲစဉ်များတွင် ရန်ကုန်စီးတီးအသင်းက ရတနာပုံအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ မြဝတီအသင်းက စစ်ကိုင်းယူနိုက်တက်အသင်းကို လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိသည်။ ပွဲစဉ် (၁၉) အပြီးတွင် အား/ကာသိပ္ပံအသင်းက ၄၄ မှတ်၊ ရန်ကုန်ယူနိုက်တက်အသင်းက ၄၃ မှတ်၊ ဒဂုံစတားယူနိုက်တက်အသင်းက ၃၉ မှတ်၊ ရှမ်းယူနိုက်တက်အသင်းက ၃၄ မှတ်၊ ရတနာပုံအသင်းက ၃၂ မှတ်၊  ရန်ကုန်စီးတီးအသင်းက ၃၁ မှတ်၊ Falcon အသင်း၊ သစ္စာအားမာန်အသင်းနှင့် Galaxy အသင်းတို့က ၂၈ မှတ်စီ၊   ဧရာဝတီယူနိုက်တက်အသင်းက ၂၀ မှတ်၊ ဟံသာဝတီယူနိုက်တက်အသင်းက ၁၇ မှတ်၊ စစ်ကိုင်းယူနိုက်တက်အသင်းက ၁၅ မှတ်၊ မြဝတီအသင်းက ၁၀ မှတ်၊ Chinland အသင်းက လေးမှတ်ရရှိထားသည်။

 သတင်း-ကိုညီလေး၊ ဓာတ်ပုံ-ML