M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲတွင် ဒဂုံစတားယူနိုက်တက်နှင့် ဧရာဝတီယူနိုက်တက် နိုင်ပွဲရ

ရန်ကုန်    အောက်တိုဘာ    ၇

2026  M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၈) ပထမနေ့နှင့် ဒုတိယနေ့ကို အောက်တိုဘာ ၆ ရက်နှင့် ၇ ရက်က ဆက်လက်ကျင်းပရာ  ဒဂုံစတားယူနိုက်တက်နှင့် ဧရာဝတီယူနိုက်တက်နိုင်ပွဲရပြီး ထိပ်ဆုံးမှ အား/ကာသိပ္ပံအသင်း နှစ်ပွဲဆက်ခြေချော်ခဲ့သည်။

အောက်တိုဘာ   ၆  ရက်က ကျင်းပသည့်ပွဲတွင်  ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်း  တစ်ဂိုးစီသရေကျပြီး ဧရာဝတီယူနိုက်တက်အသင်းက Chinland အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

ရတနာပုံအသင်းသည် ထိပ်ဆုံးမှ အား/ကာသိပ္ပံကို အနိုင်ကစားပြီးနောက် ဒုတိယနေရာမှ ရန်ကုန်ယူနိုက်တက်အသင်းကို သရေကစားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် နောက်ကျချေပဂိုးကြောင့်သာ အိမ်ကွင်း၌ မရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ပွဲအစ သုံးမိနစ်တွင် စိုးမောင်မောင်က ရတနာပုံအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ရန်ကုန် ယူနိုက်တက်အသင်းအတွက် ချေပဂိုးကို ၉၀+၃ မိနစ်တွင် ဖြိုးဝဏ္ဏစိုးက သွင်းယူသည်။ ဧရာဝတီ ယူနိုက်တက်အသင်းသည်   အပြန်အလှန်သွင်းဂိုးများဖြင့်   အနိုင်ရခဲ့ပြီး Chinland အသင်းသည် နှစ်ဂိုးစီသရေအထိ လိုက်ကစားပြီးမှ အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဧရာဝတီယူနိုက်တက်အသင်းအတွက် ဂိုးများကို ၁၀ မိနစ်တွင် ကောင်းမြတ်စံ၊ ၁၆ မိနစ်တွင် ခွန်ရဲသူအောင်၊ မိနစ် ၆၀ တွင်  ထက်အောင်လွင် တို့က သွင်းယူပြီး Chinland အသင်းအတွက် ချေပဂိုးများကို ၄၃ မိနစ်တွင် လွန်ယာဂင်၊ ၅၉ မိနစ်တွင် သန်းနိုင်က သွင်းယူသည်။ အောက်တိုဘာ ၇ ရက်က ကျင်းပသည့်ပွဲတွင် ဒဂုံစတားယူနိုက်တက်အသင်းက အား/ကာသိပ္ပံအသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိပြီး သစ္စာအားမာန်အသင်းနှင့်  ရှမ်းယူနိုက်တက်အသင်းတို့  တစ်ဂိုးစီသရေ၊ စစ်ကိုင်းယူနိုက်တက်အသင်းနှင့် Falcon အသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။  အား/ကာသိပ္ပံအသင်းသည်  နှစ်ပွဲဆက်နိုင်ပွဲပျောက်သဖြင့် ဒုတိယနေရာမှ ရန်ကုန်ယူနိုက်တက်အသင်းနှင့် တစ်မှတ်သာကွာဟတော့ပြီး နိုင်ပွဲရခဲ့သည့် ဒဂုံစတားယူနိုက်တက်အသင်းမှာလည်း ချန်ပီယံဆု မျှော်လင့်နိုင်သည့်အသင်းထဲ ပါဝင်လာသည်။ ဒဂုံစတားယူနိုက်တက် အသင်းအတွက် ညီနိုင်က ၄၂၊ ၄၇၊ ၆၉ မိနစ်တို့တွင် ဟက်ထရစ်သွင်းယူပြီး ကျန်တစ်ဂိုးကို  ၆၅ မိနစ်တွင် ထွန်းလင်းအောင်က  သွင်းယူခဲ့သည်။  အား/ကာ သိပ္ပံအသင်းအတွက် ဂိုးများကို ၁၉ မိနစ်တွင် စစ်ငြိမ်းချမ်းဦး၊ ၅၃ မိနစ်တွင် မဟာရဲလေးက သွင်းယူသည်။  ပွဲစဉ်(၁၈) တတိယနေ့ကို အောက်တိုဘာ ၈ ရက်တွင် ဗဟန်းကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြဝတီအသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။                     

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - ML