ရန်ကုန် အောက်တိုဘာ ၂၈
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်တို့က ကြီးမှူး၍ Grand Royal၊ AYA Bank နှင့် AYA Pay တို့၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၂၁) ဒုတိယနေ့ကို အောက်တိုဘာ ၂၈ ရက်က ဆက်လက်ကျင်းပရာ ထိပ်ဆုံးနေရာ အပြောင်းအလဲဖြစ်ပေါ်ပြီး ရန်ကုန်ယူနိုက်တက်အသင်း ထိပ်ဆုံးရောက်လာသည်။
သန်လျင်သီဟဒီပကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်ယူနိုက်တက် အသင်းက ရှမ်းယူနိုက်တက်အသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် အား/ကာသိပ္ပံအသင်း ရှုံးပွဲကြုံတွေ့မှုကို အခွင့်ကောင်းယူကာ နိုင်ပွဲနှင့်အတူ အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ရယူနိုင်ခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ၅၃ မိနစ်တွင် အောင်မျိုးမင်းက သွင်းယူခဲ့သည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို ရန်ကုန်ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့သည့် အောင်မျိုးမင်းက ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ်နှစ်သိန်းရရှိသည်။
တောင်ဒဂုံကွင်း၌ ကျင်းပသည့်ပွဲတွင် Falcon အသင်းက အား/ကာသိပ္ပံအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာ ယူ-၁၇ လူငယ်လက်ရွေးစင်အသင်းဖြစ်သော Falcon အသင်းသည် ပထမ အကျော့ရှုံးကြွေးပြန်ဆပ်ကာ နိုင်ပွဲရယူနိုင်ခဲ့သည်။ အား/ကာသိပ္ပံအသင်းအတွက် ယခုရှုံးပွဲမှာ တန်ဖိုးကြီးမားခဲ့ပြီး ကာလရှည်ဦးဆောင်ခဲ့သည့် ထိပ်ဆုံးနေရာမှ ဖယ်ပေးခဲ့ရသလို ချန်ပီယံအိပ်မက်အတွက် ရုန်းကန်ရမည်ဖြစ်သည်။ Falcon အသင်းအတွက် ဂိုးများကို တစ်မိနစ်တွင် ညီညီသန့်၊ ၄၃ မိနစ်တွင် ကောင်းခန့်၊ ၅၄ မိနစ်တွင် စိုင်းမြတ်မင်းတို့က သွင်းယူပြီး အား/ကာသိပ္ပံအသင်းအတွက် ချေပဂိုးများကို ၄၅ မိနစ်တွင် ဇေယျာဦး၊ မိနစ် ၉၀ တွင် ပင်နယ်တီမှတစ်ဆင့် ကောင်းခန့်ကျော်တို့က သွင်းယူခဲ့သည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို Falcon အသင်းမှ ဝင်းမင်းသန့်ကရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် နှစ်သိန်းရရှိသည်။
ပွဲစဉ် (၂၁) နောက်ဆုံးနေ့ကို အောက်တိုဘာ ၂၉ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဗဟန်းကွင်း၌ ဟံသာဝတီယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်း၊ သီဟဒီပကွင်း၌ မြဝတီအသင်းနှင့် ဒဂုံစတားယူနိုက် တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ၊
ဓာတ်ပုံ-MLeague


