ရန်ကုန် စက်တင်ဘာ ၁၀
၂၀၂၆ M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ဒုတိယအကျော့ ပွဲစဉ် ၁၄ ပထမနေ့ကို စက်တင်ဘာ ၁၀ ရက်က စတင်ကျင်းပရာ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့ နိုင်ပွဲရရှိသည်။.
YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက ဒဂုံစတားယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရရှိသည်။ အမှတ်ပေးဇယား ထိပ်ပိုင်းမှ အသင်းနှစ်သင်း ထိပ်တိုက်တွေ့ဆုံခြင်းဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အသင်းက နိုင်ပွဲရယူပြီး ဒုတိယနေရာသို့ တက်လှမ်းနိုင်ကာ ဒဂုံစတားယူနိုက်တက်အသင်းမှာမူ အဆင့် ၃ နေရာသို့ ဆင်းပေးခဲ့ရသည်။ ပွဲမစခင်ကတည်းက မိုးသည်းထန်စွာရွာသွန်းပြီး ကွင်းထဲတွင် ရေဝပ်နေသဖြင့် နှစ်သင်းစလုံး ခက်ခက်ခဲခဲကစားခဲ့ရပြီး ရန်ကုန်ယူနိုက်တက်အသင်းက ပထမပိုင်းတွင် သွင်းယူသည့်ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ၂၁ မိနစ်တွင် ကျော်ညီညီက သွင်းယူသည်။
ဗဟန်းမြက်ခင်းတုကွင်း၌ကျင်းပသည့်ပွဲတွင် ရတနာပုံအသင်းက Galaxy အသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ ရတနာပုံအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ၆၅ မိနစ်တွင် စိုးမောင်မောင်က သွင်းယူသည်။
ပွဲစဉ်(၁၄) ဒုတိယနေ့ကို စက်တင်ဘာ ၁၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဗဟန်းမြက်ခင်းတုကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် Falcon အသင်း၊ YUSC ကွင်း၌ သစ္စာအားမာန်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - YUFC


