M-League ယူ-၂၀ လိဂ်ပြိုင်ပွဲ  ပွဲစဉ် (၂၀) အပြီး အား/ကာသိပ္ပံအသင်း ဆက်လက်ဦးဆောင်

ရန်ကုန်     အောက်တိုဘာ    ၂၂

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့်  မြန်မာလိဂ်တို့က ကြီးမှူး၍   Grand Royal ၊ AYA Bank နှင့် AYA Pay  တို့က အဓိကပံ့ပိုးကူညီသည့် M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၀)ကို အောက်တိုဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပရာ အား/ကာသိပ္ပံအသင်း ဆက်လက်ဦးဆောင်ပြီး ရန်ကုန်ယူနိုက်တက်အသင်း တစ်မှတ်အကွာဖြင့် ဆက်လက်ဖိအားပေးနေသည်။

ပွဲစဉ်(၂၀)တွင် ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေသည့် အား/ကာသိပ္ပံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း  နှစ်သင်းစလုံး နိုင်ပွဲရခဲ့ပြီး တစ်ပွဲပိုကစားထားသည့် ဒဂုံစတားယူနိုက်တက်အသင်းမှာမူ  နိုင်ပွဲပျောက်ဆုံးခဲ့သဖြင့် ချန်ပီယံမျှော်လင့်ချက်  အနည်းငယ်ဝေးကွာခဲ့သည်။  ပွဲစဉ်(၂၀)တွင် ရန်ကုန်ယူနိုက်တက်အသင်းက  ရန်ကုန်စီးတီး အသင်းကို    သုံးဂိုး-နှစ်ဂိုး၊  အား/ကာသိပ္ပံအသင်းက Chinland အသင်းကို ခြောက်ဂိုးပြတ်၊ ရှမ်းယူနိုက်တက်အသင်းက မြဝတီအသင်းကို သုံးဂိုး-နှစ်ဂိုး၊ ဟံသာဝတီယူနိုက်တက်အသင်းက ဧရာဝတီယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ စစ်ကိုင်းယူနိုက်တက်အသင်းက သစ္စာအားမာန်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့်  အနိုင်ရရှိပြီး Falcon အသင်းနှင့် Galaxy အသင်းတို့က တစ်ဂိုးစီသရေ၊ ရတနာပုံအသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်းတို့က နှစ်ဂိုးစီသရေကျခဲ့သည်။

ပွဲစဉ် (၂၀)၏ ပွဲစဉ်အလိုက် AYA Pay Player of the Match ဆုများကို ရန်ကုန်ယူနိုက်တက်အသင်းမှ  ကျော်ညီညီ၊ အား/ကာသိပ္ပံအသင်းမှ စစ်ငြိမ်းချမ်းဦး၊  ရှမ်းယူနိုက်တက်အသင်းမှ ကောင်းထက်ကျော်၊   စစ်ကိုင်းယူနိုက်တက်အသင်းမှ  ပိုင်သက်ဦး၊ ရတနာပုံအသင်းမှ ရဲရင့်အောင်တို့က ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် နှစ်သိန်းစီ ရရှိသည်။

ပွဲစဉ်(၂၀)အပြီးတွင် အား/ကာသိပ္ပံအသင်းက ပွဲ  ၂၀ ကစား ၄၇ မှတ်၊ ရန်ကုန်ယူနိုက်တက်အသင်းက  ပွဲ ၂၀ ကစား ၄၆ မှတ်၊ ဒဂုံစတားယူနိုက်တက်အသင်းက ၂၁ ပွဲကစား ၄၃ မှတ်၊ ရှမ်းယူနိုက်တက်အသင်းက ၂၁   ပွဲကစား  ၃၈ မှတ်ဖြင့် ထိပ်ဆုံးလေးသင်းစာရင်းတွင် အစဉ်လိုက်ရပ်တည်နေသည်။ ထို့ကြောင့် ချန်ပီယံဆုအတွက် တစ်မှတ်အကွာဖြစ်နေသည့်  အား/ကာသိပ္ပံအသင်းနှင့်  ရန်ကုန်ယူနိုက်တက်အသင်းတို့ အပြိုင်လုရဖွယ်ရှိနေသည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-MLeague