ရန်ကုန် စက်တင်ဘာ ၂၇
စက်တင်ဘာနိုင်ငံတကာရက်သတ္တပတ်ကြောင့် M-League ပြိုင်ပွဲ ခေတ္တရပ်နားထားသည့်ကာလတွင် မြန်မာလိဂ်ကလပ်နှစ်သင်းဖြစ်သော ဟံသာဝတီယူနိုက်တက်အသင်းနှင့် ရန်ကုန်စီးတီးအသင်းတို့ စက်တင်ဘာ ၂၆ ရက် ညနေပိုင်းက တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာကွင်း၌ ခြေစမ်းကစားရာ တစ်ဂိုးစီသရေကျခဲ့သည်။
နှစ်သင်းစလုံးတွင် မြန်မာ့လက်ရွေးစင်အသင်းသို့ ပေးထားရသည့် ကစားသမားများမှလွဲ၍ ကျန်ကစားသမားများဖြင့် ယှဉ်ပြိုင်ကစားခဲ့သည်။ ရန်ကုန်စီးတီးအသင်းတွင် နိုင်ငံခြားသားကစားသမားများ လည်း ပါဝင်ကစားခဲ့ပြီး သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။
ယခုရာသီ M-League ပြိုင်ပွဲကို ပွဲစဉ် (၂) အပြီးတွင် ခေတ္တရပ်နား ထားခြင်းဖြစ်ပြီး ရန်ကုန်စီးတီးအသင်းက နှစ်မှတ်၊ ဟံသာဝတီယူနိုက်တက်အသင်းက တစ်မှတ်ရရှိထားသည်။ ပွဲစဉ် (၃) ကို အောက်တိုဘာ ၉ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။
သတင်း-ချစ်ကိုကို၊ ဓာတ်ပုံ-ML


