M-League II ပြိုင်ပွဲတွင် ရခိုင်ယူနိုက်တက်အသင်းနှင့် Junior Lions အသင်း အနိုင်ရပြီး ရာမညယူနိုက်တက်အသင်းနှင့် VUE နေပြည်တော်အသင်း သရေကျ

ရန်ကုန် အောက်တိုဘာ ၂၃

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်တို့က   ကြီးမှူး၍ Grand Royal၊ AYA Bank နှင့် AYA Pay တို့၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ Grand Royal M-League II  ပြိုင်ပွဲ ပွဲစဉ် ၂ ပထမနေ့ကို အောက်တိုဘာ ၂၃ ရက်က ကွင်းသုံးကွင်း၌ ကျင်းပရာ  ရခိုင်ယူနိုက်တက်အသင်းနှင့် Junior Lions အသင်းတို့  အနိုင်ရပြီး ရာမည ယူနိုက်တက်အသင်းနှင့် VUE နေပြည်တော်အသင်းတို့ သရေကျခဲ့သည်။

 

YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရာမညယူနိုက်တက်အသင်းနှင့် VUE   နေပြည်တော်အသင်း   တစ်ဂိုးစီသရေကျခဲ့သည်။ အဖွင့်ပွဲတွင် အနိုင်ရထားသည့် နှစ်သင်း ထိပ်တိုက်တွေ့ဆုံခြင်းဖြစ်ပြီး သရေတစ်မှတ်စီ  ခွဲယူခဲ့သည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို ချေပဂိုးသွင်းယူခဲ့သည့် ရာမညယူနိုက်တက်အသင်းမှ စောဘီးဘေးလ်က ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။

 

ပဒုမ္မာကွင်း၌ကျင်းပသည့်ပွဲတွင် Junior Lions အသင်းက Elite Kings အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရှုံးပွဲကြုံတွေ့ထားသည့် နှစ်သင်းတွေ့ဆုံခြင်းဖြစ်ပြီး  Junior Lions   အသင်း   ပထမဆုံး နိုင်ပွဲရယူနိုင်ခဲ့သည်။   ယခုပွဲအတွက် AYA Pay Player of the Match ဆုကို     Junior    Lions    အသင်းအတွက်     တတိယဂိုးသွင်းယူသည့် စွမ်းဇာနည်က  ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။

 

တက္ကသိုလ်ကွင်း၌ကျင်းပသည့်ပွဲတွင် ရခိုင်ယူနိုက်တက်အသင်းက Asia Lion အသင်းကို သုံးဂိုးပြတ် အနိုင်ရရှိသည်။ ယခုပွဲအတွက် AYA Pay    Player   of   the   Match   ဆုကို    ရခိုင်ယူနိုက်တက်အသင်းမှ ဇော်ဇော်နိုင်ကရရှိပြီး   အမှတ်တရဆုနှင့်   ဆုကြေးငွေကျပ်    ငါးသိန်းရရှိ သည်။

 

ပွဲစဉ် (၂)  ဒုတိယနေ့ကို အောက်တိုဘာ  ၂၅   ရက်တွင်   ဆက်လက် ကျင်းပမည်ဖြစ်ပြီး တက္ကသိုလ်ကွင်း၌ တက္ကသိုလ်အသင်းနှင့် Enjoy Brother အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ကိုညီလေး

ဓာတ်ပုံ-MLeague