M-League II ပြိုင်ပွဲ ပွဲစဉ် (၂) အောက်တိုဘာ ၂၃ ရက်မှ ၂၆ ရက်အထိ ကျင်းပမည်

ရန်ကုန်   အောက်တိုဘာ   ၂၂

မြန်မာနိုင်ငံ  ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်တို့က  ကြီးမှူး၍     Grand Royal ၊ AYA Bank နှင့် AYA Pay တို့၏ အဓိက ပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇  ရာသီ    Grand Royal  M-League   II   ပြိုင်ပွဲ  ပွဲစဉ်(၂)ကို အောက်တိုဘာ ၂၃ ရက်မှ ၂၆ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ပွဲစဉ် (၂) အဖြစ်  အောက်တိုဘာ  ၂၃ ရက်တွင်  တက္ကသိုလ်ကွင်း၌  Asia Lion အသင်းနှင့်   ရခိုင်ယူနိုက်တက်အသင်း၊ ပဒုမ္မာကွင်း၌ Elite Kings အသင်းနှင့် Junior Lions အသင်း၊ YUSC ကွင်း၌ ရာမညယူနိုက်တက်အသင်းနှင့် VUE နေပြည်တော်အသင်း၊ အောက်တိုဘာ ၂၅ ရက်တွင် တက္ကသိုလ်ကွင်း၌ တက္ကသိုလ်အသင်းနှင့် Enjoy Brother အသင်း၊ အောက်တိုဘာ ၂၆ ရက်တွင် တက္ကသိုလ်ကွင်း၌ ရွိုင်ရယ်ဒဂုံအသင်းနှင့် မနောအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ်(၂)တွင် အဖွင့်ပွဲ၌ အနိုင်ရထားသည့် ရာမညယူနိုက်တက်အသင်းနှင့်  VUE နေပြည်တော်အသင်း ထိပ်တိုက်တွေ့ဆုံနေပြီး ဇယားထိပ်ဆုံးတွင် ဦးဆောင်နေသည့် တက္ကသိုလ်အသင်းသည် အသင်းသစ် Enjoy Brother အသင်းနှင့် ကစားရမည်ဖြစ်သည်။

ပွဲစဉ် (၁) အပြီးတွင် ရွိုင်ရယ်ဒဂုံအသင်း၊ တက္ကသိုလ်အသင်း၊ VUE နေပြည်တော်အသင်း၊ ရာမညယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ နိုင်ပွဲရခဲ့ပြီး ဂိုးကွာခြားချက်အသာဖြင့် တက္ကသိုလ်အသင်းက ထိပ်ဆုံးတွင် ဦးဆောင်နေ သည်။  Junior Lions အသင်း၊ မနောအသင်း၊  Asia Lion အသင်း၊  Elite Kings အသင်းနှင့် Enjoy Brother အသင်းတို့ မှာမူ ရှုံးပွဲကြုံတွေ့ထားပြီး အမှတ်မရသေးပေ။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-MLeague