M-League အမည်ပြောင်းလဲခြင်း၊ Logo အသစ်မိတ်ဆက်ပွဲနှင့်  Official Partnership Signing အခမ်းအနားကျင်းပ

ရန်ကုန်    ဩဂုတ်    ၂၄

၂၀၂၆-၂၀၂၇ ဘောလုံးရာသီမစတင်မီ MNL League အား M-League အမည်ပြောင်းလဲခြင်း၊ Logo အသစ်မိတ်ဆက်ပွဲနှင့်  Official Partnership Signing  အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ နိုဗိုတယ်ရန်ကုန်မက်စ် ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊  မြန်မာနေရှင်နယ်လိဂ်ကော်မတီ နာယက ဦးဇော်ဇော်က  အမှာစကားပြောကြားပြီး   မြန်မာနေရှင်နယ်လိဂ် လိုဂိုအသစ်ဖြစ်သော M League လိုဂိုအသစ်မိတ်ဆက်ခြင်းနှင့်  ပါဝင်ယှဉ်ပြိုင်မည့် ကလပ်အသင်း ၁၂ သင်းမှ ကစားသမားများဖြင့် မိတ်ဆက်သည်။ ထို့နောက် စပွန်ဆာစာချုပ် ချုပ်ဆိုပွဲ ပြုလုပ်ပြီး  မြန်မာလိဂ်ကော်မတီဥက္ကဋ္ဌ   ဦးဇော်မင်းသိန်းနှင့် Official Title Partner ဖြစ်သည့် Grand Royal၊ Official Banking Pantner ဖြစ်သည့် AYA Bank၊ Official Payment Pantner ဖြစ်သည့် AYA Pay၊ Official Pantner များဖြစ်သည့် Lan Thit၊ KIA၊ မြန်မာ့သြဘာ၊ ATOM၊ Alpine၊ Hey Play၊ Alpha Cement၊ AYA Sompo၊ Shwe Daing Yadanar၊ CP Five Star၊ Pyone Play၊ MRTV-4/ Channel 7၊ Dong Luc၊ Jocarbola၊ Genius Sports၊ Puma တို့မှ  တာဝန်ရှိသူများ စာချုပ်ချုပ်ဆိုပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် သတင်းစာရှင်းလင်းပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြီး  တက်ရောက်လာသည့် သတင်းနှင့်စာနယ်ဇင်းမီဒီယာများမှ မေးမြန်းမှုများကို မြန်မာလိဂ်ကော်မတီဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်တို့က ဖြေကြားသည်။

၂၀၂၆-၂၀၂၇ ရာသီ M-League ပြိုင်ပွဲကို သြဂုတ် ၂၈ ရက်မှစ၍ အသင်း ၁၂ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး မြန်မာလိဂ်အနေဖြင့် ယခုရာသီတွင် Ranking Subsidy များ တိုးမြှင့်ပေးထားပြီး အဆင့်(၁)မှ (၁၂)အထိ အချိုးကျခွဲဝေပေးမည်ဖြစ်ကာ  M-League ပြိုင်ပွဲတွင် ချန်ပီယံအသင်းအား ဆုကြေးငွေကျပ် သိန်း ၂၀၀၀ နှင့် ဒုတိယအသင်းအား သိန်း ၁၅၀၀၊ တတိယအသင်းအား ကျပ်သိန်း ၁၀၀၀၊ အဆင့်(၄) ကျပ်သိန်း ၈၀၀၊ အဆင့်(၅) ကျပ်သိန်း ၇၀၀၊ အဆင့်(၆) ကျပ်သိန်း ၆၀၀၊ အဆင့်(၇) ကျပ်သိန်း ၅၀၀၊ အဆင့်(၈) ကျပ်သိန်း ၄၀၀၊ အဆင့်(၉) ကျပ်သိန်း ၃၅၀၊ အဆင့်(၁၀) ကျပ်သိန်း ၃၀၀၊ အဆင့်(၁၁) ကျပ်သိန်း ၂၅၀၊ အဆင့်(၁၂) ကျပ်သိန်း ၂၀၀ တိုးမြှင့်ချီးမြှင့်မည်ဖြစ်သလို တစ်ပွဲချင်းစီအလိုက် အကောင်းဆုံးကစားသမားဆုရရှိသည့် ကစားသမားအား  ယခင် ဆုကြေးငွေကျပ် သုံးသိန်းမှ ၁၀ သိန်း၊ တစ်ရာသီလုံး သွင်းဂိုးအများဆုံးဆု ရရှိသူအား ယခင် ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ ချီးမြှင့်မည်ဖြစ်သည်။ ထို့ပြင် M-League ပြိုင်ပွဲယှဉ်ပြိုင်မည့် ကလပ်အသင်းများကိုလည်း အခြေခံ  Subsidy အဖြစ် ကျပ်သိန်း ၁၂၀၀ စီ ထောက်ပံ့မည်ဖြစ်ပြီး အိမ်ကွင်းလက်ခံကျင်းပနိုင်ပါက ကျပ်သိန်း ၄၀၀၊ လူငယ်ဖွံ့ဖြိုးရေးဆောင်ရွက်နိုင်မှုအပေါ်မူတည်၍ ကျပ်သိန်း ၂၀၀၊ ကလပ်လိုင်စင်သတ်မှတ်ချက်များ ပြည့်မီအောင် ဆောင်ရွက်နိုင်မှုအပေါ်မူတည်၍ ကျပ်သိန်း ၂၀၀ ထပ်တိုးထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။

လိဂ်(၂)ပြိုင်ပွဲတွင်လည်း Ranking Subsidy များအဖြစ် အဆင့်(၁)ကျပ်သိန်း ၆၀၀၊ အဆင့်(၂) ကျပ်သိန်း ၄၀၀၊ အဆင့်(၃) ကျပ်သိန်း ၃၀၀၊ အဆင့်(၄) ကျပ်သိန်း ၂၀၀၊ အဆင့်(၅) ကျပ် ၁၇၅ သိန်း၊ အဆင့်(၆) ကျပ်သိန်း ၁၅၀၊ အဆင့်(၇) ကျပ် ၁၂၅ သိန်း၊ အဆင့်(၈) ကျပ်သိန်း ၁၀၀ တိုးမြှင့်ချီးမြင့် မည်ဖြစ်သလို တစ်ပွဲချင်းစီအလိုက် အကောင်းဆုံးကစားသမားဆုရရှိသည့် ကစားသမားအား ယခင် ဆုငွေကျပ် ၁ သိန်းမှ ၅ သိန်းအထိ တိုးမြှင့်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။  

 သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - စိုးညွန့်သော်