လယ်ယာကဏ္ဍကို အခြေခံထားတဲ့ လုပ်ငန်းစဉ်တွေကနေပြီး စက်မှုလုပ်ငန်းတွေ၊ ရောင်းဝယ်ရေးလုပ်ငန်းစဉ်တွေ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို ဆက်စပ်ပြီး အကောင်အထည်ဖော်သွားမယ်ဆိုရင် နိုင်ငံ့စီးပွားရေး တိုးတက်လာမယ်လို့ မျှော်မှန်းပါတယ်

 “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ စကားဝိုင်းဆွေးနွေးပွဲများနှင့် Panel Session အလိုက် ဆွေးနွေးပွဲများဖြင့် ကျင်းပလျက်ရှိရာ အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသည့် ကဏ္ဍအလိုက် တတ်သိပညာရှင်များ၊ လုပ်ငန်းရှင်များ၊ တောင်သူများနှင့် တွေ့ဆုံ၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်သွားကြမည့် အစီအမံများကို မေးမြန်းရေးသားဝေမျှလိုက်ရပါသည်-

 

ဒေါက်တာမျိုးမင်းကြည်ဝင်း (ဦးဆောင်ညွှန်ကြားရေးမှူး၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန)

ဒီနေ့အခမ်းအနားကိုတော့ ကျွန်တော်တို့နိုင်ငံရဲ့ ထုတ်ကုန်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းကဏ္ဍအပြင် စိုက်ပျိုးရေးမွေးမြူရေးကို အခြေခံတဲ့ စက်မှုလုပ်ငန်းတွေဖြစ်တဲ့ Agro-based Industry တွေ ဖွံ့ဖြိုးတိုးတက်စေဖို့ ကျင်းပခြင်းဖြစ်ပါတယ်။ နောက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေရရှိဖို့၊ နည်းပညာတွေ တိုးတက်ရရှိစေဖို့နဲ့ ပြည်ပပို့ကုန်တွေ ပိုပြီးတိုးတက်ထုတ်လုပ် နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့လည်း ကျင်းပပြုလုပ်ခြင်း ဖြစ်ပါတယ်။ စကားဝိုင်းဆွေးနွေးပွဲမှာတော့ ဒုတိယဝန်ကြီးတွေ ဦးဆောင်ပြီး UMFCCI ရော ပုဂ္ဂလိကလုပ်ငန်းရှင်တွေပါ စုစုပေါင်းကိုးဦး ပါဝင်ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒီစကားဝိုင်း ဆွေးနွေးပွဲပြီးရင်တော့ နေ့လယ်ပိုင်းမှာ Panel Session ခြောက်ခုနဲ့ ဆွေးနွေးမှုတွေ ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီ Panel Session ခြောက်ခုမှာတော့ နိုင်ငံ့ထုတ်ကုန်တိုးမြှင့်ဖို့အတွက် လယ်ယာကဏ္ဍအဓိကသီးနှံတွေ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုသီးနှံတွေ ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ သားငါးကဏ္ဍထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတိုးတက်ရေးနဲ့ ပို့ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အကြံပြုထားတဲ့ စာတမ်းစုစုပေါင်း ၈၆ စောင်ကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

 

ဒီဆွေးနွေးမှုကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေအပေါ် အခြေခံပြီး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ နိုင်ငံတော်အစိုးရပိုင်းကလည်း စီးပွားရေး ဝန်းကျင်ကောင်းတွေ ဆောင်ရွက်ပေးနေသလို ပုဂ္ဂလိကလုပ်ငန်းရှင်တွေကလည်း မူဝါဒတွေ၊ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ UMFCCI လို အသင်းအဖွဲ့တွေ၊ ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေနဲ့ အစိုးရအဖွဲ့အစည်းတွေ သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်တဲ့ Public Private Partnership ပုံစံက တော်တော်အရေးကြီးပါတယ်။ ဒါတွေ လုပ်နိုင်မှပဲ နည်းပညာမြင့်ထုတ်လုပ်မှုတွေကို တက်လှမ်းပြီး ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

 

 

ဦးသူရိန် (ဥက္ကဋ္ဌ၊ နေပြည်တော် MSME Association)

ဒီနေ့အခမ်းအနားဟာ နိုင်ငံတော်အတွက် အတိုင်းထက်အလွန်အကျိုးရှိပါတယ်။ အခမ်းအနား ကျင်းပဖို့ ပြင်ဆင်နေတဲ့ ကာလကတည်းက ကျွန်တော်တို့ လာရောက်ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါတယ်။ အရင်တုန်းကဆိုရင် သက်ဆိုင်ရာ ဝန်ကြီးဌာနတစ်ခုတည်းကပဲ အဓိကထား ဆောင်ရွက်တာဖြစ်ပေမယ့် အခုပွဲကတော့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနဲ့ MSME ၊ သမဝါယမနဲ့ သက်ဆိုင်တဲ့ ဝန်ကြီးဌာနအားလုံးပါဝင်ပူးပေါင်းပြီး နိုင်ငံ့စီးပွားမြှင့်တင်ရမယ့် ပွဲကြီးဖြစ်ပါတယ်။ နိုင်ငံတော်အဆင့် မရှိမဖြစ်လိုအပ်တဲ့ ပွဲဖြစ်ပြီး Government Sector၊ Private Sector၊ Public Sector အားလုံး ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်။ ဒီလိုပွဲမျိုးကို ပုံမှန်တစ်နှစ်တစ်ကြိမ်လောက် မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပစေချင်ပါတယ်။

 

ဒီလို ဆွေးနွေးပွဲကနေပြီး စိုက်ပျိုးထုတ်လုပ်သူတွေ၊ မွေးမြူထုတ်လုပ်သူတွေ၊ ကုန်ကြမ်းကနေ တန်ဖိုးမြှင့်ထုတ်လုပ်သူတွေနဲ့ ဝန်ဆောင်မှုကဏ္ဍက လူတွေအားလုံးမှာ လက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို နိုင်ငံတော်အကြီးအကဲက ရှင်းပြပေးခဲ့ပါတယ်။ Buy side နဲ့ Sell side အပြန်အလှန်သဘောတရားအရ ထုတ်လုပ်မှုနဲ့ supply နည်းပြီး demand များတဲ့အခါ ကုန်စျေးနှုန်းကြီးတာကို အများနားလည်အောင် ရှင်းပြပေးခဲ့တဲ့အတွက် နောက်ပိုင်းမှာ အားလုံးက တာဝန်သိစိတ်နဲ့ ပူးပေါင်းဆောင်ရွက်ထုတ်လုပ်ရမယ်ဆိုတာ သိသွားကြပါပြီ။ ဆွေးနွေးပွဲက ထွက်လာမယ့် result တွေ နဲ့ သုံးသပ်ချက်တွေကို ခြုံငုံပြီးရင် ဘယ်အရွေ့ကို သွားမလဲဆိုတာ ပေါ်လွင်လာမှာ ဖြစ်ပါတယ်။

 

တောင်သူတွေအနေနဲ့ကတော့ ကုန်ကြမ်းထွက်လာတဲ့အချိန်မှာ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်တဲ့ စွမ်းအားတွေနည်းပါးတဲ့အတွက် ပြည်ပကို ကုန်ကြမ်း (raw) အနေနဲ့ပဲ ပို့နေရပါတယ်။ မြေပဲ၊ နှမ်းနဲ့ ပဲတွေ ပြည်ပပို့တဲ့အခါ အရည်အသွေး (quality) ကျဆင်း လာတာတွေ၊ နှမ်းကို ဆီအနေနဲ့မကြိတ်ဘဲ ပြည်ပကို ကုန်ကြမ်းအတိုင်း ပို့တာတွေကို နိုင်ငံတော်အကြီးအကဲက မီးမောင်းထိုးပြခဲ့တဲ့အတွက် တောင်သူတွေရော ဆီစက်လုပ်ငန်းရှင်တွေပါ ဘယ်လိုလုပ်ရမလဲဆိုတာ ပိုပြီးကွက်ကွက်ကွင်းကွင်း မြင်လာပါပြီ။ ဒါကြောင့် ကုန်ကြမ်းကို ပြည်ပပို့တာထက် ကုန်ချောပို့နိုင်တဲ့အဆင့်အထိ ကြိုးစားဆောင်ရွက်ဖို့ လိုပြီဆိုတာကို ပြည်သူတွေရော ထုတ်လုပ်သူတွေပါ သိရှိသွားမှာ ဖြစ်ပါတယ်။

 

MSME ကဏ္ဍနဲ့ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲပြောကြားချက်ထဲမှာပါတဲ့ “ထုတ်လုပ်နိုင်တာထက်ရောင်းနိုင်တဲ့ ထုတ်ကုန်ဖြစ်အောင်လုပ်ဖို့နဲ့ ရောင်းနိုင်တာထက် တန်ဖိုးမြင့်တဲ့ ထုတ်ကုန်ဖြစ် အောင်လုပ်ဖို့” ဆိုတဲ့ စကားလေးကို အလွန်သဘောကျပါတယ်။ ကုန်ကြမ်းရောင်း နေတာထက် ကုန်ချောအဖြစ် ထုတ်လုပ်နိုင်ရင် တန်ဖိုးတွေမြင့်လာပြီး GDP လည်း တက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် စိုက်ပျိုးရေးတောင်သူတွေအနေနဲ့လည်း ပုံမှန်ထုတ်လုပ် နိုင်စွမ်းထက် ပိုပြီးထုတ်လုပ်ရမယ်၊ သီးနှံအရည်အသွေးတွေ ပိုမြင့်အောင်ထုတ်လုပ်ခြင်းအားဖြင့် တောင်သူတွေရဲ့ ဝင်ငွေတွေလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။

 

 

ဦးစိုးသန်း (အတွင်းရေးမှူး၊ ကြံစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ပေါက်ခေါင်းမြို့နယ်)

ကျွန်တော့်အနေနဲ့လက်ရှိမှာ ကြံဧက ၂၀ လောက် စိုက်ပျိုးထားပါတယ်။ ကြံသီးနှံကို အနှစ် ၃၀ လောက် အစဉ်အဆက်စိုက်ပျိုးလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလက်ရှိစိုက်ပျိုးတဲ့ အနေအထားက တဖြည်းဖြည်းကြာလာတော့ အထွက်နှုန်းတွေ လျော့ကျလာပါတယ်။ ဒီလိုလျော့ကျလာတော့ မြေဩဇာစျေးနှုန်းတွေ ကြီးမြင့်မှုနဲ့ စိုက်စရိတ်ကုန်ကျတာတွေ များလာပါတယ်။ ဒီအတွက် စက်ရုံတွေရဲ့ ဝယ်ယူမှုစျေးကွက်နဲ့ ကျွန်တော်တို့ စိုက်ပျိုးတဲ့ အခြေအနေအရ အကျိုးအမြတ်နည်းလာတာပေါ့။ ဒါကြောင့် ဒီနေ့လယ်ယာကဏ္ဍ၊ သီးနှံကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲမှာ ကျွန်တော်တို့ အခက်အခဲတွေ ဖြေရှင်းနိုင်ဖို့အတွက် တက်ရောက်လာတာဖြစ်ပါတယ်။

 

ဒီနေ့ကျင်းပတဲ့ အခမ်းအနားကြီးမှာ ဆွေးနွေးပွဲတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ပညာရှင်တွေက နိုင်ငံတော်အဆင့် ဆွေးနွေးကြတာဆိုတော့ သကြားစက်ရုံတွေရော၊ ကျွန်တော်တို့ တောင်သူတွေပါ အကုန်လုံးတစ်ဦးနဲ့တစ်ဦး ညီညွတ်မျှတတဲ့ အကျိုးခံစားခွင့်တွေရရှိမယ်လို့ မျှော်လင့်ပြီး တက်ရောက်လာကြတာ ဖြစ်ပါတယ်။ ဒီပွဲကရရှိတဲ့ ဗဟုသုတတွေအပြင် တောင်သူတွေအနေနဲ့လည်း နိုင်ငံတော်က ချမှတ်တဲ့မူဝါဒတွေနဲ့အညီ အထွက်နှုန်းတွေတိုးအောင် လိုက်နာဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီပွဲကနေရရှိလာတဲ့ ဗဟုသုတနဲ့ အသိပညာတွေကိုလည်း တောင်သူတွေကို ပြန်လည်ပြီး မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

 

 

ဒေါ်ခိုင်ခိုင်နွယ် (အထွေထွေအတွင်းရေးမှူးချုပ်၊ UMFCCI)

ဒီနေ့အလုပ်ရုံဆွေးနွေးပွဲမှာ အဓိက သီးနှံ၊ စက်မှုသီးနှံ၊ စက်မှုကုန်ထုတ်၊ ဘဏ္ဍာရေး၊ ပို့ကုန်တိုးမြှင့်ရေးနဲ့ ရေထွက်ကုန်ဆိုပြီး ကဏ္ဍခြောက်ခုရှိပါတယ်။ အဲဒီကဏ္ဍခြောက်ခုစလုံးမှာ ကျွန်မတို့ ကုန်သည်စက်မှုအသင်းချုပ်အနေနဲ့ စာတမ်း ၂၄ စောင် တင်သွင်းဆွေးနွေးမှာ ဖြစ်ပါတယ်။ စာတမ်းတွေမှာ စာတမ်းရှင်က သူလုပ်ကိုင်တဲ့ လုပ်ငန်းရဲ့ ရှေ့ငါးနှစ် plan ကို ရေးဆွဲတင်ပြထားပါတယ်။ စာတမ်းရဲ့ ရည်ရွယ်ချက်၊ စာတမ်းရှင်ရဲ့ သက်ဆိုင်ရာ sector အလိုက် အကြံပြုချက်နဲ့ သုံးသပ်ချက်၊ ပြီးရင် ရှေ့လုပ်ငန်းစဉ်တွေ ပါဝင်ပါတယ်။ ရှေ့လုပ်ငန်းစဉ်မှာ ကာလတို၊ ကာလလတ်၊ ကာလရှည်ဆိုပြီး ခွဲခြားထားပါတယ်။ အဲဒီ သုံးသပ်ချက်တွေကို စုစည်းပြီး မနက်ဖြန်နေ့လယ်ပိုင်းမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေနဲ့အတူ ပြန်လည်ဆွေးနွေးနိုင်အောင် စီစဉ်ဆောင်ရွက်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံ့ထုတ်ကုန် GDP တိုးတက်ဖို့အတွက် အဓိကလယ်ယာစိုက်ပျိုးရေးကို အခြေခံပြီး ဆက်စပ်နေတဲ့ အသင်းအဖွဲ့ကိုယ်စားလှယ်တွေ လာရောက်ဆွေးနွေးကြတာ ဖြစ်ပါတယ်။

 

ကျွန်မတို့ နိုင်ငံက စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံဖြစ်တဲ့အတွက် ထုတ်ကုန်တွေ တိုးတက်လာမယ်ဆိုရင် စိုက်ပျိုးရေးလုပ်တဲ့ တောင်သူလယ်သမားတွေရော သားငါးမွေးမြူရေး လုပ်ငန်းရှင်တွေပါ အကုန်လုံးအကျိုးရှိမှာ ဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီး ဖန်တီးပေးနိုင်မှာဖြစ်သလို ဒီလိုထုတ်လုပ်မှုတိုးတက်အောင် လုပ်ခြင်းအားဖြင့် နိုင်ငံရဲ့ GDP လည်း တိုးတက်လာမှာ ဖြစ်ပါတယ်။ ရေရှည်မှာ ဒါတွေဖြစ်လာအောင် အားလုံးပူးပေါင်းလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ GDP တိုးတက်လာရင် စားဝတ်နေရေးလည်း အဆင်ပြေလာမယ်၊ ကုန်စျေးနှုန်းတွေနဲ့ inflation (ငွေကြေးဖောင်းပွမှု) တွေလည်း ကျဆင်းသွားမှာ ဖြစ်ပါတယ်။ အားလုံးအတူတကွ ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် အောင်မြင်မှာ ဖြစ်ပါတယ်။

 

 

ဦးနိုင်နိုင် (တောင်သူ၊ ရေတာရှည်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး)

ဒီနေ့အခမ်းအနားမှာ နိုင်ငံတော်သမ္မတကြီးက အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲရဲ့ ဦးတည်ချက်တွေ၊ ရည်မှန်းချက်တွေကို အဖွင့်မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားသွားတာတွေ ရှိပါတယ်။ မိန့်ခွန်းထဲမှာပါတဲ့အတိုင်းသာ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်ဆိုရင် ဒီဆွေးနွေးပွဲကနေ အကျိုးရလဒ်ကောင်းတွေ အများကြီးရရှိမယ်လို့ မျှော်မှန်းပါတယ်။ မြန်မာနိုင်ငံလို စိုက်ပျိုးရေးအခြေခံတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ လယ်ယာကဏ္ဍဟာ အဓိကကျတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ လယ်ယာကဏ္ဍကို အခြေခံထားတဲ့ လုပ်ငန်းစဉ်တွေကနေပြီး စက်မှုလုပ်ငန်းတွေ၊ ရောင်းဝယ်ရေးလုပ်ငန်းစဉ်တွေ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို ဆက်စပ်ပြီး အကောင်အထည်ဖော်သွားမယ်ဆိုရင် နိုင်ငံ့စီးပွားရေးတိုးတက်လာမယ်လို့ မျှော်မှန်းပါတယ်။ တောင်သူတွေရဲ့ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူတွေ လိုအပ်နေတဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှုအပိုင်းတွေ၊ နည်းပညာအခက်အခဲတွေနဲ့ ရောင်းဝယ်လုပ်ငန်းစဉ်တွေ စတဲ့အပိုင်းတွေကို ဖြည့်ဆည်းပေးမယ်ဆိုရင် တောင်သူတွေရဲ့ လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။ ဒီဆွေးနွေးပွဲကနေပြီး တောင်သူတွေ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ။

တွေ့ဆုံမေးမြန်း-မျိုးဆက်သစ်

ဓာတ်ပုံ- ကိုကြီးထိန်