လယ်ဝေးမြို့နယ်ဦးစီးမှူးရုံး၌ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ဆောင်ရွက်ပေး

နေပြည်တော် အောက်တိုဘာ ၂၃

 

ပြည်ထောင်စုနယ်မြေ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လယ်ဝေးမြို့နယ် ဦးစီးမှူးရုံး၌ ဧည့်ကြိုကောင်တာ ဆောင်ရွက်ထားရှိမှု၊ ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေ စာရင်းပြောင်းဝင်/ပြောင်းထွက်နှင့် မွေးဖွားမှု၊ သေဆုံးမှုတို့အတွက် လူဦးရေ အတိုး/အလျှော့လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးနေမှုကို ယနေ့နံနက်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ထို့အတူ အသက် (၁၈) နှစ်ပြည့်ပြီး အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများ၊ နိုင်ငံသားကတ် ပျက်စီး/ ပျောက်ဆုံးသူများ အား နိုင်ငံသားစိစစ်ရေးကတ်နှင့် e-ID စနစ်ဖြင့် UID ကတ်ကောက်ယူဆောင်ရွက်နေမှု၊ မြို့နယ်ရုံး မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ ကြည့်ရှုစဉ် ပိုးမွှားအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် စာရွက် စာတမ်းအချက်အလက်များ လုံခြုံမှုရှိစေရေးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားပြီး ဝန်ထမ်း များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့် အသက်(၁၈)နှစ်ပြည့်ပြီးသော်လည်း နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး မရရှိသေးသူများ၊ နိုင်ငံသားကတ်ပြား ရရှိပြီးသော်လည်း ပျက်စီး/ပျောက်ဆုံးသူများ၊ အိမ်ထောင်စုလူဦးရေစာရင်း အတိုး/ အလျှော့၊ ပြောင်းဝင်/ ပြောင်းထွက် ဆောင်ရွက်သူများ၊ နိုင်ငံသားကတ်ပြားရရှိပြီး e-ID စနစ်ဖြင့် UID ကတ် မရရှိသေးသူများအား သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးများ၌ ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

 

သတင်းစဉ်