လုယက်မှုကျူးလွန်သူ (၂)ဦးကို အချိန်တိုအတွင်း ဖမ်းဆီးရမိ

mdn

နေပြည်တော် ၂၇ အောက်တိုဘာ

 

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်တွင် လုယက်မှုကျူးလွန်သူများကို အချိန်တိုအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယမန်နေ့ ည ၉ နာရီတွင် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ မေယုလမ်းအနီး ဆည်မြောင်းဘောင်ဘေး၌ တရားလိုနှင့် အမျိုးသမီးတစ်ဦးတို့ စကားပြောနေစဉ် အမည်မသိ လူငယ် (၂)ဦး ရောက်ရှိလာပြီး တရားလို၏လည်ပင်းကို ဓါးဖြင့်ထောက်၍ ခြိမ်းခြောက်ရာ အမျိုးသမီးမှာ ထွက်ပြေးသွားခဲ့ကြောင်း၊ တရားလိုမှ ၎င်းစီးနင်းလာသော ၆၈ယ/၁၇၆၂၀ PUL SAR NS 200 အမျိုးအစား အနက်ရောင်ဆိုင်ကယ် သော့(၁)ချောင်း၊ Red Mi Note 8 အမျိုးအစား ခရမ်းပြာရောင် လက်ကိုင်ဖုန်း(၁)လုံးနှင့် ငွေအကြွေ အချို့အားပေးခဲ့ရာ လူငယ်တစ်ဦးမှ အသင့်ပါလာသော ဓါးဖြင့်ခုတ်၊ လက်သီးဖြင့်ထိုးခြင်းကြောင့် အဆိုပါနေရာမှ သူငယ်ချင်းဖြစ်သူ အလုပ်လုပ်ကိုင်သည့် ပဒုမ္မာလမ်းသို့ ထွက်ပြေးခဲ့ကြောင်း၊ ထို့နောက် သူငယ်ချင်းများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှုရာ အခင်းဖြစ်နေရာတွင် အဆိုပါလူငယ်(၂)ဦးကို တွေ့ရှိရခြင်း မရှိတော့ဘဲ ဆိုင်ကယ်အား အခင်းဖြစ်နေရာ၌ ရပ်တန့်ထားသည်ကို တွေ့ရှိခဲ့ရသဖြင့် တရားလိုထံမှ ဖုန်း၊ ဆိုင်ကယ်သော့နှင့် ငွေအချို့အား ဓါးထောက်ယူဆောင်သွားသူ လူငယ်(၂)ဦးတို့အား အရေးယူပေးရန် ည ၁၁ နာရီတွင် တိုင်တန်းလာသဖြင့် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁)မြို့မရဲစခန်း (ပ)၁၉၅/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုရေးဖွင့် စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်အား သတင်းရလျှင်ရချင်း အမှတ်(၁)မြို့မရဲစခန်းမှူး ဦးစီးအဖွဲ့၊ နယ်ထိန်းအရာရှိ ဦးစီးအဖွဲ့နှင့် လှည့်ကင်းအဖွဲ့တို့မှ နယ်မြေအတွင်း လိုက်လံစုံစမ်းရှာဖွေခဲ့ရာ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းနှင့် မြစ်ငယ်လမ်းဆုံတွင် ရဲဝင်းဦး (ဘ)ဦးဌေးဝင်းနှင့် ဇင်ဗိုလ်ထွန်း(ခ)ဗိုလ်ဗိုလ်ထွန်း (ဘ)ဦးကိုလေးတို့ (၂)ဦးကို မသင်္ကာဖွယ်တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ ဇင်ဗိုလ်ထွန်း(ခ)ဗိုလ်ဗိုလ်ထွန်း လွယ်ထားသည့် လွယ်အိတ်အတွင်းမှ တရားလို၏ Red Mi Note 8 လက်ကိုင်ဖုန်း(၁)လုံးနှင့် ငွေအကြွေ(၁၈၀၀)ကျပ်၊ လောက်လေးဂွ(၁)ခု၊ လောက်စာလုံး(၈)လုံး၊ ဖဲချပ်(၅၅)ချပ်ပါ L တံဆိပ် ဖဲထုပ်(၁)ထုပ်တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

 

ဆက်လက်၍ စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းတို့(၂)ဦး ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် အရိုးအသွား (၁၇)လက်မခန့်ရှိ ဓါးဦးချွန်(၁)ချောင်းအား ရွှေကြာပင်ရပ်ကွက်၊ မေယုလမ်းအနီး၊ ဆည်မြောင်းဘောင်လမ်းဘေး ခြုံပုတ်အတွင်း လွှင့်ပစ်ထားခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် ၎င်းတို့နှင့်အတူ သွားရောက်သိမ်းဆည်းကာ အမှတ်(၁)မြို့မရဲစခန်းမှ ဥပဒေနှင့်အညီ ဆက်လက်စစ်ဆေး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ရဲပြန်ကြား

 

mdn