ကဘူး ဩဂုတ် ၃၀
အာဖဂန်နစ္စတန်နိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက် ရန်ပုံငွေလျှော့ချခံရခြင်းကြောင့် အာဟာရချို့တဲ့ကလေးငယ်များကို ကုသပေးနေသော စင်တာပေါင်း ၁၀၀ ကျော် ပိတ်သိမ်းခဲ့ရကြောင်း ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးဌာနဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် မီလစ်ဆာ ဖလီမင်းက ယနေ့ ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်း၌ ကလေးငယ် ၃ ဒသမ ၇ သန်းခန့်သည် လက်ရှိ၌ ပြင်းထန်သော အာဟာရချို့တဲ့မှုဒဏ်ကို ခံစားနေရပြီး ၎င်းတို့အနက် ကလေးငယ် တစ်သန်းခန့်မှာမူ အသက်အန္တရာယ်ရှိနိုင်လောက်သည့် ပြင်းထန်သောအာဟာရချို့တဲ့မှုကို ရင်ဆိုင်နေရကြောင်း ဖလီမင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
နိုင်ငံအတွင်း အကျပ်အတည်းများ ဆက်လက်ရှိနေခြင်းကြောင့် ၂၀၂၆ ခုနှစ်တွင် ကလေးငယ် ၁၁ ဒသမ ၆ သန်း အပါအဝင် လူဦးရေ ၂၁ ဒသမ ၉ သန်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လိမ့်မည်ဖြစ်ကြောင်း ကမ္ဘာ့ကလေးသူငယ်များရန်ပုံငွေအဖွဲ့က ယခင်က ခန့်မှန်းထားခဲ့သည်။
ယင်းအခြေအနေကို တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ကမ္ဘာ့ကလေးသူငယ်များရန်ပုံငွေအဖွဲ့က ကလေးငယ် ၆ ဒသမ ၅ သန်းအပါအဝင် လူဦးရေ ၁၂ သန်းအား အသက်ကယ်အကူအညီများနှင့် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများပေးအပ်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၉၄၉ ဒသမ ၁ သန်းရရှိရေး အရေးပေါ်တောင်းဆိုမှုတစ်ရပ်ကို စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


