လူသားအရင်းအမြစ်ဖြစ်ထွန်းရေး ပညာရေးကဏ္ဍမြှင့်တင်အားပေး

နိုင်ငံသားအားလုံးအနေဖြင့် ပညာသင်ကြားရန်၊ ပညာတတ်မြောက်ရန်လိုအပ်ပြီး ပညာတတ်မြောက်မှသာ မိမိတို့အနာဂတ်အတွက် အာမခံချက်ဖြစ်စေသော အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် အဆင့်မီစနစ်ကျသည့် စံသတ်မှတ်ချက်များရှိရန်လိုပြီး အတန်းပညာအရည်အချင်း အောင်မြင်မှုအဆင့်အလိုက် သင့်လျော်မှန်ကန်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သည်။

 

သင်ယူထားသည့်အတန်းပညာအလိုက် အလုပ်အကိုင်အခွင့်အလမ်းနှင့် လစာနှုန်းထားများ၊ ရာထူးအဆင့်အတန်းများ တိုးမြှင့်ပေးမှု မှန်ကန်မှသာ လူငယ်လူရွယ်များ မျှော်လင့်ချက်မြင့်မားပြီး မိဘများက ပညာရေးအားပေးကာ လူငယ်လူရွယ်များ ပညာကို ပိုမိုကြိုးစားအားထုတ်လာကြမည်ဖြစ်သည်။ ထို့ကြောင့် ပညာရေးကို အားပေးမြှင့်တင်ကြရမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများကို မှန်မှန်ကန်ကန် မြှင့်တင်ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် လိုအပ်လျက်ရှိသည့် စွမ်းရည်နှင့်စွမ်းအားရှိသော လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ကျောင်းသင်ပညာရပ်များသာမက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပညာရပ်များ၊ အရည်အသွေးနှင့် အရည်အချင်းအလိုက် မွမ်းမံသင်တန်းများ၊ ဆင့်ပွားသင်တန်းများ သင်ကြားပေးလျက်ရှိသည်။

 

အတန်းပညာသတ်မှတ်ချက်သာမက အရည်အသွေးမြှင့်သင်တန်းများ ပေါင်းစပ်ဖြည့်ဆည်းပေးခြင်းဖြင့် သက်ဆိုင်ရာလုပ်ငန်းများအတွက်ရော လူသားအရင်းအမြစ်များအတွက်ပါ အခွင့်အလမ်းနှင့်အာမခံချက်များ ပိုမိုတိုးတက်ရရှိလာမည်ဖြစ်သည်။ သို့မှသာ နိုင်ငံအတွက် ကဏ္ဍပေါင်းစုံတွင် လိုအပ်လျက်ရှိသည့် အရည်အသွေးပြည့်ဝသော လူသားအရင်းအမြစ်များဖြင့် မိမိတို့အကျိုးစီးပွားနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။ လက်ရှိကာလတွင် မြန်မာနိုင်ငံသည် ပညာရေးကဏ္ဍ၌ အစိုးရဗဟိုပြုသည့် ပညာရေးစနစ်ကို ကျင့်သုံးလျက်ရှိပြီး တရားဝင်အသိအမှတ်ပြုသည့် ပညာတတ်များ မွေးထုတ်ပေးလျက်ရှိသည်။ ထို့ပြင် ဒီမိုကရေစီစနစ်နှင့်လျော်ညီစွာ ပုဂ္ဂလိကပညာရေးကဏ္ဍကိုလည်း မူဝါဒနှင့်အညီ အသိအမှတ်ပြုပေးလျက်ရှိသည်။

 

အစိုးရကျောင်းများတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများသည် လူတန်းစားအမျိုးမျိုး၊ အလွှာအမျိုးမျိုးမှ တက်ရောက်သင်ကြားနေကြသူများဖြစ်သည်။ အဆိုပါ ကျောင်းသား ကျောင်းသူများသည် အခြေခံပညာကျောင်းများတွင် သင်ကြားပေးလိုက်သည့် အတန်းပညာရပ်များကို အမှန်တကယ်တတ်မြောက်ရန် လိုအပ်သကဲ့သို့ အထွေထွေဗဟုသုတနှင့် လူမှုဘဝအသိပညာများ တိုးတက်ရေးအတွက်လည်း သင်ကြားပေးရန်လိုသည်။ အောင်ချက်ရာခိုင်နှုန်းမြင့်မားရေးကိုသာ အာရုံစိုက်သင်ကြားပေးခြင်းမဟုတ်ဘဲ အမှန်တကယ်ပညာတတ်မြောက်ရေးကို အလေးထားသင်ကြားပေးရန်လိုသည်။ အစိုးရကျောင်းများတွင် ပညာရေးကိုသာမက ပတ်ဝန်းကျင်နှင့် ပေါင်းသင်းဆက်ဆံရေးအပါအဝင် လောကနီတိကိုပါ သင်ကြားပေးလျက်ရှိသည်။

 

အဆင့်မြင့်ပညာသင်ကြားရေးကဏ္ဍတွင်လည်း တက္ကသိုလ်၊ ကောလိပ်များ၌ သင်ကြားပေးလျက်ရှိသည့် ပညာရပ်များကို အမှန်တကယ်တတ်မြောက်ကျွမ်းကျင်အောင် သင်ကြားလေ့ကျင့်ပေးရန်လိုသည်။ တက္ကသိုလ်များက လေ့လာမှုဖြင့် သင်ကြားလေ့ကျင့်ပေးနေခြင်းဖြစ်၍ အဆင့်မြင့်ပညာသင်ယူချိန်တွင် သတ်မှတ်ထားသည့် ပညာသင်နှစ်အလိုက် သင်ခန်းစာများနှင့် စာမေးပွဲရလဒ်များ၊ သုတေသနနှင့် စာတမ်းများ သတ်မှတ်ချက်အတိုင်းပြည့်မီအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ အဆင့်မြင့်ပညာကဏ္ဍတွင် ကျောင်းသား ကျောင်းသူများ အမှန်တကယ်တတ်မြောက်မှုကို စနစ်တကျကြပ်မတ်စစ်ဆေးရန်လိုသည်။ ကျောင်းသား ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာဘာသာရပ်များကို အမှန်တကယ်တတ်မြောက်ရေးသာမက အသိပညာဗဟုသုတများကြွယ်ဝစေရန် စာအုပ်စာပေများ စဉ်ဆက်မပြတ် လေ့လာဖတ်ရှုရန်လိုသည်။

 

ထို့ကြောင့် အခြေခံပညာကျောင်းများအတွက် လိုအပ်သည့် စာအုပ်၊ စာစောင်များ အသက်အရွယ်၊ အဆင့်အတန်းအလိုက် ပညာရပ်အမျိုးမျိုးကို ဖြည့်ဆည်းပေးရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက လိုအပ်သည့် အသိပညာဗဟုသုတများ ကြွယ်ဝသည့် စာအုပ်၊ စာပေများကို နှစ်စဉ်ဖြည့်ဆည်းပေးလျက်ရှိသည်။ အစိုးရပညာရေးကဏ္ဍ၌ ဖြည့်ဆည်းပေးလျက်ရှိသည့်နည်းတူ ပုဂ္ဂလိကကဏ္ဍတွင်လည်း မူဝါဒနှင့် ကိုက်ညီသည့် အသိပညာဗဟုသုတများ ကြွယ်ဝသော စာအုပ်၊ စာပေဖတ်ရှုနိုင်သည့် အခွင့်အလမ်းများနှင့် အလေ့အထများ ထွန်းကားလာအောင် ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ သက်ဆိုင်ရာဌာနအလိုက် အစိုးရပညာသင်ကျောင်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက်ကြိုးပမ်းဆောင်ရွက်ကြရာတွင် အဓိကလိုအပ်သည့် အရည်အသွေးပြည့်ဝသော လူသားအရင်းအမြစ်များ ပေါ်ထွန်းပြီး လုပ်ငန်းခွင်အသီးသီး၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် အစိုးရပညာရေးကဏ္ဍနှင့် ပုဂ္ဂလိကပညာရေးကဏ္ဍများအနေဖြင့် သတ်မှတ်ထားသော ပညာရေးအဆင့်အတန်းပြည့်စုံမှုအပြင် အသိပညာဗဟုသုတကြွယ်ဝသော ပညာတတ်များရရှိရေးအတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံတို့မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။      ။