လူပုံစံတူ စက်ရုပ်တစ်ရုပ်က မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် လူသားတို့၏ ကမ္ဘာ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့

ပေကျင်း ဩဂုတ် ၂၃

တရုတ်နိုင်ငံ၌  ကျင်းပသည့် ပြိုင်ပွဲတစ်ခု၌ လူပုံစံတူ စက်ရုပ်တစ်ရုပ်သည် မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် လူသားတို့၏ ကမ္ဘာ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ်မြောက် ကမ္ဘာ့လူပုံစံတူ စက်ရုပ်ပြိုင်ပွဲ (World Humanoid Robot Games) ကို ဩဂုတ် ၂၂ ရက်က ပေကျင်းမြို့၌ စတင်ကျင်းပခဲ့သည်။ ငါးရက်ကြာမြင့်မည့်   အဆိုပါပြိုင်ပွဲကို တရုတ်အစိုးရနှင့်  အခြားအဖွဲ့အစည်းများက ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

ဂျပန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကုမ္ပဏီများအပါအဝင် အဖွဲ့ပေါင်း ၆၆၆ ဖွဲ့က တီထွင်ဖန်တီးထားသည့် လူပုံစံတူ စက်ရုပ်ပေါင်း ၂၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။

ပါဝင်ယှဉ်ပြိုင်သည့် စက်ရုပ်အရေအတွက်မှာ ယခင်နှစ်ကထက် လေးဆခန့်  တိုးတက်များပြားလာခဲ့သည်။ ၎င်းတို့သည် ပြေးခုန်ပစ်၊ ဘောလုံးကစားခြင်းနှင့် အစားအစာနှင့် အဖျော်ယမကာများ ချပေးခြင်းကဲ့သို့သော လက်တွေ့လုပ်ငန်းဆောင်တာများအပါအဝင်  ပြိုင်ပွဲအမျိုး အစားပေါင်း ၅၁ မျိုးတွင် ယှဉ်ပြိုင်လျက်ရှိကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် စက်ရုပ်များက ဘောလုံးကစားပြသည့် သရုပ်ပြပွဲတစ်ခု ပါဝင်ခဲ့ပြီး ထိုပွဲ၌ စက်ရုပ်များက ဂိုးသွင်းယူနိုင်ခဲ့ကာ အောင်ပွဲခံမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

တင်းနစ်နှင့် စားပွဲတင်တင်းနစ်ကစားနည်းများတွင်လည်း စက်ရုပ်များသည် လူသားကစားသမားများနှင့်အတူ တွဲဖက်ကစားခဲ့ကြသည်။

မီတာ ၁၀၀ အပြေးပြိုင်ပွဲ၏ ပဏာမအဆင့်တွင်  စက်ရုပ်တစ်ရုပ်သည် အချိန် ၉ ဒသမ ၃၂ စက္ကန့်ဖြင့် ပြေးလမ်းကို ဖြတ်ကျော်နိုင်ခဲ့သည်။  အဆိုပါစံချိန်သည် ယခင်နှစ်က အနိုင်ရရှိခဲ့သည့် စံချိန်ဖြစ်သော ၂၁ ဒသမ ၅၀ စက္ကန့်ထက် များစွာသာလွန်သည့်အပြင် လူသားတို့၏ ကမ္ဘာ့စံချိန်ဖြစ်သော ၉ ဒသမ ၅၈ စက္ကန့်ကိုပင် ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။

စက်ရုပ်နည်းပညာကဏ္ဍတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့ထိပ်တန်းနိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း အသက် ၂၀ ကျော်အရွယ် လာရောက်ကြည့်ရှုသူ အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်