လူငယ်များ၏ ကြိုးစားအားထုတ်မှု၊ အသိပညာနှင့် အရည်အချင်းများသည် နိုင်ငံတော်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အခြေခံအင်အားများဖြစ်သည့်အတွက် မိမိပတ်ဝန်းကျင်နှင့် လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရန် ...

လူငယ်များ၏ ကြိုးစားအားထုတ်မှု၊ အသိပညာနှင့် အရည်အချင်းများသည် နိုင်ငံတော်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အခြေခံအင်အားများဖြစ်သည့်အတွက် မိမိပတ်ဝန်းကျင်နှင့် လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း ပြောကြား

 

ကျိုင်းတုံ အောက်တိုဘာ ၁၆

လူငယ်များ၏ ကြိုးစားအားထုတ်မှု၊ အသိပညာနှင့် အရည်အချင်းများသည် နိုင်ငံတော်၏ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောအခြေခံအင်အားများ ဖြစ်သည့်အတွက် မိမိပတ်ဝန်းကျင်နှင့် လူမှုအသိုက်အဝန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ကြွစွာပါဝင်ဆောင်ရွက်ကြရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

 

ထို့ပြင် ယခုကဲ့သို့ လူငယ်စကားဝိုင်းများကို ကျင်းပပေးခြင်းဖြင့် လူငယ်များ၏အရည်အချင်းနှင့် စွမ်းဆောင်ရည်များ ဖွံ့ဖြိုးတိုးတက်လာစေမည့်အပြင် အသိပညာ၊ အတွေးအမြင်နှင့် အကြံဉာဏ်များကို အပြန်အလှန်ဖလှယ်နိုင်ကာ အတွေ့အကြုံကောင်းများမှတစ်ဆင့် မိမိတို့၏ အားသာချက်၊ အားနည်းချက်များကို သိရှိပြုပြင် နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် မတူကွဲပြားသည့် အတွေးအမြင်များကို နားလည်လေးစားပြီး စည်းလုံးညီညွတ်မှုကို အခြေခံကာ အေးချမ်းသာယာပြီး တိုးတက်သောအနာဂတ်ကောင်းတစ်ခုကို အတူတကွဖန်တီး တည်ဆောက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နယ်မြေခံတပ်နယ် အတွက် MRTV DTH စလောင်း ငါးစုံ၊ CANAL + ငါးစုံနှင့် Sky Net DTH ငါးစုံတို့ကို တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီးထံ လည်း ကောင်း၊ ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းအရှေ့) အတွက် MRTV DTH စလောင်း ငါးစုံ၊ CANAL+ ငါးစုံ၊ Sky Net DTH စလောင်း ငါးစုံနှင့် Myansat DTH စလောင်း ငါးစုံတို့ကို ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌထံလည်းကောင်း ပေးအပ်သည်။

 

အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင် Moderator အဖြစ် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငြိမ်းငြိမ်းသန့်ကဆောင်ရွက်ပြီး Polytechnic University (Kyaing Tong)၊ ကျိုင်းတုံ တက္ကသိုလ်၊ ကျိုင်းတုံပညာရေး ဒီဂရီကောလိပ်နှင့် ကျိုင်းတုံသူနာပြုသင်တန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများက “လူငယ် နှင့်နည်းပညာ”၊ “လူငယ်နှင့် မူးယစ်ဆေးဝါး”၊ “လူငယ်နှင့် အားကစား”၊ “လူငယ်နှင့်ကျန်းမာရေး” နှင့် “လူငယ်နှင့်စာပေ” စသည့်ခေါင်းစဉ်ငါးခုဖြင့် ဆွေးနွေးကြရာ တက်ရောက်လာကြ သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

 

 

ဆွေးနွေးမှုများအပြီးတွင် ပြည်ထောင်စုဝန်ကြီးက ဖျော်ဖြေရေးအဖွဲ့များနှင့် စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြသည့် တက္ကသိုလ်များမှ ကျောင်းသားကျောင်းသူများကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ပြခန်းများကို ကြည့်ရှုအားပေးသည်။

 

ထို့နောက် လွယ်မွေမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ၏ တာဝါတိုင်နှင့် ဂြိုဟ်တုစလောင်းများ တပ်ဆင်အသုံးပြုနေမှု၊ ရုပ်မြင်သံကြားနှင့်ရေဒီယိုအစီအစဉ်များထပ်ဆင့်ထုတ်လွှင့်နေမှု၊ ရုပ်သံလိုင်းများနှင့် FM လိုင်းများ ကြည်လင်ပြတ်သားစွာ ထုတ်လွှင့်ပေးနေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ဝန်ကြီးဌာနအောက်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ကိုယ်ပွားသတင်းစာတိုက် (ကျိုင်းတုံ)တို့မှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံပြီး နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက် များနှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များကို ဒေသခံတိုင်းရင်းသားပြည်သူများ သိရှိနားလည်စေရန် မှန်ကန်တိကျပြီးအချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များကို ဖြန့်ဝေပေးရန်၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ဒေသအကျိုးပြုဆောင်ရွက်ချက်များကို သတင်းမီဒီယာများမှ တစ်ဆင့်ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထုတ်လွှင့်ပေးရန် မှာကြားကာ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်သည်။

 

ထို့အတူ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ကလေးစာဖတ်ခန်း၊ ပြည်သူ့စာကြည့်တိုက်၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ အထင်ကရနေရာများနှင့် တိုင်းရင်းသားရိုးရာ ပွဲတော်များ ကျင်းပသည့် မှတ်တမ်းဓာတ်ပုံများ၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အသိပညာပေး လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းများနှင့် ပြတိုက်ငယ်တို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

သတင်းစဉ်