လူမှုဖူလုံရေးစီမံကိန်းကို အကျုံးဝင်မြို့နယ် ၁၃၆ မြို့နယ်၌ အလုပ်ဌာန ၃၆၈၉၉ ဌာနမှ အာမခံအလုပ်သမား ၁ ဒသမ ၃၈ သန်း အကျုံးဝင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့

နေပြည်တော် စက်တင်ဘာ ၂၄

 

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် နိုင်ငံတော်၏အဓိက ကုန်ထုတ်စွမ်းအားစုဖြစ်သည့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးအတွက် လူမှုကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများကို လူမှုဖူလုံရေးဥပဒေနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် လူမှုဖူလုံရေးစီမံကိန်းကို အကျုံးဝင်မြို့နယ် ၁၃၆ မြို့နယ်၌ အလုပ်ဌာန ၃၆၈၉၉ ဌာနမှ အာမခံအလုပ်သမား ၁ ဒသမ ၃၈ သန်း အကျုံးဝင်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ၏ ပြောကြားချက်အရ သိရသည်။

 

အမှာစကားပြောကြား

 

ယနေ့မွန်းလွဲပိုင်းက အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပသည့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့၏ (၂/၂၀၂၆)ကြိမ်မြောက် အစည်းအဝေးတွင် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက အမှာစကားပြောကြားရာတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြည်ပနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လူမှုကာကွယ်စောင့်ရှောက်မှုများနှင့် စပ်လျဉ်းပြီး မလေးရှားနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့ (PERKESO) နှင့် MOC လက်မှတ်ရေးထိုး၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ထိုင်းနိုင်ငံ လူမှုဖူလုံရေးအဖွဲ့ (Social Security Office-SSO) နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ အာမခံအလုပ်သမားများ အတွက် ယခုထက်ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန်နှင့် တစ်မျိုးသားလုံး အကျုံးဝင် သည့်စီမံကိန်းဖြစ်စေရန်အတွက် အိမ်နီးချင်းနိုင်ငံများတွင် ကျင့်သုံးသည့် လူမှုဖူလုံရေးစနစ်များနှင့် နှိုင်းယှဉ် လေ့လာသုံးသပ်မှုများ ပြုလုပ်ပြီး လိုအပ်သည့် ပြုပြင် ပြောင်းလဲမှုများကိုလည်း ဆက်လက်ဆောင်ရွက် သွားကြရန် ပြောကြားသည်။

 

ထို့ပြင် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများ နှင့် တင်ပြသည့်အမှာစာများကို ရှင်းလင်းတင်ပြပြီး အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များက သုံးသပ်ဆွေးနွေး တင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားသည်။

 

အာမခံအလုပ်သမားများကို ပိုမိုထိရောက် ကောင်းမွန်သည့် ကျန်းမာရေးဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆို၍ Fee for Service Payment ဖြင့် ဆေးခန်း ၇၂ ခန်းနှင့် သားဖွားခန်း ရှစ်ခန်း ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် စိုက်ထုတ်ကုန်ကျခဲ့သည့် ဆေးဖိုး စိုက်ထုတ်ငွေများအား အမြန်ဆုံး ပြန်လည်ပေးအမ်းလျက်ရှိရာ လူမှုဖူလုံရေးငွေကြေး အကျိုးခံစားခွင့်များ အနေဖြင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှ ဩဂုတ်လ အထိ ငွေကျပ် ၁၂ ဒသမ ၉၇ ဘီလီယံကျော်ကို ခွင့်ပြု ထုတ်ပေးနိုင်ခဲ့သည်။

 

ထို့ပြင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အာမခံအလုပ်သမားများ၏ အချိန်ပြည့်ပညာသင်ကြား နေသောသားသမီးများအတွက် ပညာသင်စရိတ်ဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်အဖြစ် အာမခံအလုပ်သမား ၆၈၃၇၉ ဦး၏ သား/သမီး၊ ကျောင်းသား/ ကျောင်းသူ ၈၉၉၆၇ ဦးအတွက် စုစု ပေါင်းငွေကျပ် ၃၅၈၃ ဒသမ ၀၅၀ သန်းကို ခွင့်ပြု ထုတ်ပေးခဲ့ပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပညာသင်စရိတ်ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် မန္တလေးငလျင်‌ဘေးခံစားခဲ့ရသော အာမခံအလုပ်သမားများအား သဘာဝ‌ဘေးအန္တရာယ် ကျရာက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်အဖြစ် အလုပ်ဌာန ၇၁၆၃ ဌာနမှ အာမခံအလုပ် သမား ၁၃၄၂၈၃ ဦးအတွက် အကျိုးခံစားခွင့် ငွေကျပ် ၁၀၉၈၈ ဒသမ ၇၅၉ သန်းကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်