နေပြည်တော် ဇူလိုင် ၃၀
၂၀၂၆ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ လွှဲပြောင်းပို့ဆောင်လာသည့် လူကုန်ကူးခံရသူ အမျိုးသား သုံးဦး၊ အမျိုးသမီး ၂၆ ဦး စုစုပေါင်း ၂၉ ဦး တို့ကို ရန်ကုန်၊ မန္တလေးနှင့် မြဝတီမြို့တို့ရှိ ယာယီလက်ခံ စောင့်ရှောက်ရေးဂေဟာများတွင် လက်ခံစောင့်ရှောက်ခဲ့ပြီး မိဘရပ်ထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း ယနေ့မွန်းလွဲပိုင်းတွင် ပြန်လည် ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် လူကုန်ကူးခံရသူများအား ပြန်လည် လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆) တွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန့်ဇော်လွင်က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
ထို့ပြင် လူကုန်ကူးခံရသူများကို ထိရောက်သော ကူညီစောင့်ရှောက်မှုများပေးခြင်း၊ လုံခြုံစိတ်ချစွာဖြင့် မိဘရပ်ထံ ပြန်လည်ဝင်ဆံ့ပေါင်းစည်းပေးခြင်းအပြင် ဂုဏ်သိက္ခာရှိစွာဖြင့် လူမှုစီးပွားဘဝ ပုံမှန် ရှင်သန်ရပ်တည်နေထိုင်နိုင်စေရန်အတွက် ဆက်နွှယ်ကဏ္ဍများအလိုက် အလေးထားဆောင်ရွက် ကြစေလိုကြောင်း၊ ကလေးသူငယ် လူကုန်ကူးခံရသူများကိုလည်း နိုင်ငံတော်၏ မူဝါဒနှင့်အညီ ပညာဆက်လက်သင်ကြားနိုင်စေရေး အထူးအလေးထားဆောင်ရွက် ပေးကြစေလိုကြောင်း ဒုတိယဝန်ကြီးက တိုက်တွန်းပြောကြားသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီများ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းတို့မှ ကိုယ်စားလှယ်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြကာ လူကုန်ကူးခံရသူများအတွက် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ အားသာချက်၊ အားနည်းချက်များ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ဖော်ထုတ်ဆွေးနွေး ခဲ့ကြောင်းသိရသည်။
သတင်းစဉ်


