လုပ်ငန်းဆိုင်ရာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကိုက်ညီမှုရှိစေရေးအတွက် OSSC ဌာနဆိုင်ရာအဖွဲ့များက စနစ်တကျ စစ်ဆေးဆောင်ရွက်ရန် ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင် မှာကြား

နေပြည်တော် အောက်တိုဘာ ၁၈

 

လုပ်ငန်းဆိုင်ရာ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ကိုက်ညီမှုရှိစေရေးအတွက် OSSC ဌာနဆိုင်ရာအဖွဲ့များက စနစ်တကျ စစ်ဆေးဆောင်ရွက်ရန် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်က ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သီလဝါအထူး စီးပွားရေးဇုန် အစည်းအဝေးခန်းမ၌ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ One Stop Service Center – OSSC ဌာနများမှ တာဝန်ခံများနှင့် တွေ့ဆုံစဉ်မှာကြားသည်။

 

ထို့ပြင် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြရန်၊ လုပ်ငန်း ဆောင်ရွက်ရာတွင် နိုင်ငံ့အကျိုးကို ရှေးရှု၍ စိတ်ကောင်း စေတနာကောင်းဖြင့် ဆောင်ရွက်ကြရန် မှာကြားသည်။

 

ဆက်လက်၍ သီလဝါ အထူး စီးပွားရေးဇုန်အတွင်း အကောက်ခွန်ဆိုင်ရာ ရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် Thilawa Global Logistics Co.,Ltd. ကို လည်းကောင်း၊ သီလဝါဆိပ်ကမ်းရှိ Myanmar International Terminals Thilawa Port - MITT ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကုန်ပစ္စည်းကွန်တိန်နာများ ရောက်ရှိခြင်း၊ ထုတ်ယူခြင်း၊ တင်ပို့ခြင်းတို့ကို စနစ်တကျ မှန်ကန်စွာ စာရင်းရေးသွင်း မှတ်တမ်းထားရှိရန် မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်