လုပ်ခလစာ မြှင့်တက်မှုကြောင့် ထိုင်းနိုင်ငံရှိ စီးပွား​ရေးလုပ်ငန်းများ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လုပ်ကိုင်ရန် လာရောက်ဆွေးနွေး

၁၂ နိုဝင်ဘာ

 

လုပ်ခလစာ မြှင့်တက်မှုကြောင့် ထိုင်းနိုင်ငံရှိ စီးပွား​ရေးလုပ်ငန်းများ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လုပ်ကိုင်ရန် လာရောက် ဆွေးနွေးကြကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။

 

လက်ရှိ မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဝင်ရောက်လျက်ရှိပြီး ထိုင်းနိုင်ငံ၏ စီးပွားရေး လုပ်ငန်းရှင်များကလည်း လုပ်အားခ သက်သာသည့်အတွက် မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လိုခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

 

"ထိုင်းရဲ့ ရင်းနှီးမြှုပ်နှံမှုကလည်း တိုးလာပါတယ်။ ကျွန်တော်တို့ဆီကို ထိုင်းနိုင်ငံအတွင်းမှာရှိနေတဲ့ လုပ်ငန်းတွေရဲ့ လုပ်ခလစာကြောင့် မြန်မာနိုင်ငံကို ရွှေ့မယ်ဆိုပြီး လာပြီးတော့ ဆွေးနွေးနေကြတာတွေ  ရှိပါတယ်" ဟု ဦးသန့် စင်လွင်က ပြောသည်။

 

ထိုသို့ ထိုင်းနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လုပ်ကိုင်ရန် လာရောက်ဆွေးနွေးကြသည့် အထဲ တွင် LED လုပ်ငန်း၊ မော်တော်ကားအပိုပစ္စည်း ထုတ်လုပ်ရေးနှင့် မော်တော်ကား အလှဆင်ပစ္စည်း ထုတ်လုပ်ရေး တို့ဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလထဲတွင်လည်း ထိုင်းနိုင်ငံအခြေစိုက်  Amata Group ဖြစ်သည့် Yangon Amata Smart and Eco City Ltd မှ Development and Operation of Smart and Eco City and Related Businesses ကဏ္ဍကို  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် အရှေ့ပိုင်းနှင့် တောင်ပိုင်းမြို့နယ် လေးထောင့်ကန် အနီးရှိ မြေဧရိယာ ၂၀၀၀ ဧကတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအားဖြင့် အမေရိကန်ဒေါ်လာသန်း ၂၇၄ ဒဿမ ၆၈၀ ကို ရင်းနှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA)၏ စာရင်းများအရ သိရသည်။

 

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ  နိုင်ငံပေါင်း ၅၀ မှ လုပ်ငန်းပေါင်း ၁၈၃၇ ခု လာရောက် ရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၈၇၄ ဘီလီယံရှိကြောင်း၊ ယင်းအနက် ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော်ရှိပြီး တတိယမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ကြောင်း သိရသည်။

Nyein Nyein