လုံခြုံရေးတာဝန်ကျသူတစ်ဦး သေဆုံးမှုမှ ကျူးလွန်သူကို ဖားကန့်မြို့မရဲစခန်းမှ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော် ၂ ဇွန်

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့်မြို့မရဲစခန်းမှ လူသတ်မှုကျူးလွန်သူ ရာဇာထွန်းအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ "နေကြာရတနာ" ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီဝင်းအတွင်းသို့ မေ ၂၇ ရက် မွန်းလွဲ ၂ နာရီတွင် ရေမဆေးကျောက် ရှာဖွေသူ ၂ ဦး ရောက်ရှိလာပြီး ရေမဆေးကျောက်ရှာဖွေရာ လုံခြုံရေး တာဝန်ကျသူ ကိုနေလင်းအောင်မှ ကုမ္ပဏီဝင်းအတွင်းသို့ ဝင်ရောက်၍ ကျောက်ရှာဖွေခြင်းမပြုလုပ်ရန် တားမြစ်ခဲ့သည်ကို မကျေနပ်ဖြစ်ပြီး ရေမဆေးကျောက်ရှာ ဖွေသူ(၁)ဦးမှ အသင့်ပါလာသော ဓားဖြင့်ထိုး ထွက်ပြေးသွားခဲ့သဖြင့် ကိုနေလင်းအောင်တွင် ဝဲဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိကာ သေဆုံးသွား၍ ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်အရေးယူပေးရန် လုံခြုံရေးမှူး ဦးသန်းအောင်က တိုင်းတန်းသဖြင့် ဖားကန့်မြို့မရဲစခန်း (ပ)၁၂၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂(လူသတ်မှု) ဖြင့် အမှုရေးဖွင့် အရေးယူထားရှိခဲ့ကြောင်း။

 

အမှုနှင့်ပတ်သက်၍ အခင်းဖြစ်ပတ်ဝန်းကျင်၌ စုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူ၏ ဆံပင်မှာ အနီရောင်ဆေးဆိုးထားပြီး အသက် ၂၀ နှစ်ခန့်အရွယ်ဖြစ်ကြောင်း ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာနေ လူငယ်တစ်ဦးမှာ ယခင်ကဆံပင်အား ဆေးအနီရောင်ဆိုးထားသော်လည်း မေ ၂၈ ရက်တွင် ကတုံးတုံးပစ်ကြောင်း သတင်းစကားရရှိသဖြင့် စုံစမ်းခဲ့ရာ ၎င်းမှာ ရာဇာထွန်း (ဘ)ဦးဆန်းမောင်၊ မှော်တောင်းကုန်း ရပ်ကွက်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဖားကန့် မြို့နယ်နေသူဖြစ်ကြောင်း

 

အဆိုပါ သတင်းကို အတည်ပြု၍ မေ ၂၈ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရာဇာထွန်းအား ဖမ်းဆီးစစ်ဆေးခဲ့ရာ ၎င်းအနေဖြင့် ပြစ်မှုကျူးလွန်ခဲ့ကြောင်း၊ အခင်းဖြစ်စဉ် ဆံပင်မှာ အနီရောင်ဆေးဆိုးထားသဖြင့် လူအများမြင်က မှတ်မိနိုင် အခင်းဖြစ်ပြီး နောက် မေ ၂၈ ရက် နံနက် ၁၀ နာရီခွဲတွင် ကတုံးတုံးပစ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ကာ အခင်းဖြစ်စဉ် အသုံးပြုခဲ့သည့် အရိုးအသွား ၁၀ လက်မခန့်ရှိ ဓားဦးချွန် ၁ ချောင်းကိုလည်း မေ ၂၉ ရက် ညနေ ၅ နာရီတွင် ၎င်း၏နေအိမ်မှ သိမ်းဆည်းရမိခဲ့ကြောင်း

 

ပြစ်မှုကျူးလွန်သူအား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

သတင်းစဉ်