ရန်ကုန် ဩဂုတ် ၂၄
သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု ပါဝင်ယှဉ်ပြိုင်ရန် အဆိုပြု တင်ပြလာသည့် အထက်တန်းအဆင့်ကျောင်း ၁၅ ကျောင်း၊ အလယ်တန်းအဆင့်ကျောင်း ၁၄ ကျောင်းနှင့် မူလတန်းအဆင့်ကျောင်း ၁၂ ကျောင်း စုစုပေါင်း ၄၁ ကျောင်း၏ တာဝန်ရှိသူများထံ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက သန့်ရှင်းရေးသုံးပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။
ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဗဟိုစံပြခန်းမဆောင်၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု ပါဝင်ယှဉ်ပြိုင်နိုင်ရေး အခြေခံပညာ ကျောင်းများအား ပတ်ဝန်းကျင်ဘာသာရပ်ဆိုင်ရာ ဆင့်ပွား သင်တန်းပေးခြင်း၊ သန့်ရှင်းရေး သုံးပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားတွင် ယင်းသို့ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု ပါဝင်ယှဉ်ပြိုင်နိုင်ရေး ပတ်ဝန်းကျင် ဘာသာရပ်ဆိုင်ရာ ဆင့်ပွားသင်တန်းတွင် နည်းပြများက သင်တန်းသား သင်တန်းသူ ၈၂ ဦးအား တစ်ရက်တာ သင်ကြား ပို့ချခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ခိုင်စိုးနှင့် ဆုစိစစ် ရွေးချယ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


