လပွတ္တာမြို့နယ်၌ ရေရှားပါးပြတ်လပ်မှုမရှိစေရေး ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေး

လပွတ္တာ အောက်တိုဘာ ၂၇

 

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ကုက္ကိုကျေးရွာ၊ ကညင်ကွင်းကျေးရွာ၊ ဓနိချောင်းကျေးရွာနှင့် ဆင်သေကျေးရွာတို့တွင် စူပါအယ်နီညိုကြောင့် သောက်သုံးရေပြတ်လပ်မှုမဖြစ်မပေါ်စေရေး ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီးဦးစီးမှူး၊ လပွတ္တာခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကုက္ကိုကျေးရွာ၊ ကညင်ကွင်းကျေးရွာ၊ ဓနိချောင်းကျေးရွာနှင့် ဆင်သေကျေးရွာတို့ရှိ မြေသားမိုးရေလှောင်ကန်များမှ သောက်သုံးရေသိုလှောင်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရေပြတ်လပ်မှုဖြစ်ပေါ်လာပါက ဌာနသို့ဆက်သွယ်၍ အကူအညီရယူနိုင်ကြောင်း ကျေးရွာတာဝန်ရှိသူများအား မှာကြားသည်။

 

လပွတ္တာမြို့နယ်အတွင်းရှိ အဆိုပါကျေးရွာများ၌ စူပါအယ်နီညိုကြောင့် ရေပြတ်လပ်မှု မဖြစ်ပေါ်စေရန်အတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ရှိအသုံးပြုနေသည့် ရေအရင်းအမြစ်များမှ ရေကိုစနစ်တကျ ဖြန့်ဝေသုံးစွဲနေမှုနှင့် တခြားသောရေအရင်းအမြစ်များမှ ရေဂါလန် ၂၀၀၀ ဆံ့စက်လှေများဖြင့် နေ့စဉ်ရေဂါလန် ၄၀၀၀ ကျော် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အာကာ