လျှပ်စစ်ဓာတ်အားကိုစည်းစနစ်တကျသုံးစွဲ တရားမဝင်နည်းဖြင့်ခိုးယူမှုများရှောင်ကြဉ်

တရားမဝင်သောနည်းလမ်းများဖြင့် ဓာတ်အားရယူသုံးစွဲမှုများကြောင့် ဓာတ်အားပျောက်ဆုံးမှုများဖြစ်ပေါ်ပြီး နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုကဏ္ဍတွင် ဝင်ငွေလျော့နည်းမှုကိုဖြစ်ပေါ်စေသည်။ ထို့အပြင် နည်းပညာပိုင်းအရလည်း ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံများချို့ယွင်းမှုကို ဖြစ်ပေါ်စေသကဲ့သို့ ဗို့အားကျဆင်းမှုများ၊ ထရန်စဖော်မာများလောင်ကျွမ်းပျက်စီးမှု၊ မီးဘေးအန္တရာယ်နှင့် ဓာတ်လိုက်မှုအန္တရာယ်များဖြစ်ပွားနိုင်သည်။

 

လျှပ်စစ်ဓာတ်အားသည် နိုင်ငံတော်ပိုင်ပစ္စည်းဖြစ်သည့်အလျောက် လျှပ်စစ်ဓာတ်အားသုံးစွဲသူများအား စည်းကမ်းချက်များထုတ်ပြန်ထားရာ လိုက်နာဆောင်ရွက်ကြရန်လိုသည်။ ထုတ်ပြန်ထားသည့်စည်းကမ်းချက်များသည် ဓာတ်အားသုံးစွဲမှုများစနစ်တကျဖြစ်စေရန်နှင့် နိုင်ငံတော်၏ပစ္စည်းနှင့် ဘဏ္ဍာငွေတို့ကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ပြီး လိုက်နာမှုမပြုကြပါက နည်းဥပဒေလုပ်ထုံးလုပ်နည်းတို့နှင့်အညီ အရေးယူခံကြရမည်ဖြစ်သည်။

 

ဓာတ်အားသုံးစွဲသူများသည် ဓာတ်အားကို တရားမဝင်သုံးစွဲမှုမပြုရန်၊ မီတာများကို မိမိသဘောဖြင့် နေရာရွှေ့ပြောင်းမှုမပြုရန်၊ မီတာတွင်တပ်ဆင်ခတ်နှိပ်ထားသည့် ချိပ်တံဆိပ်များကို ဖြတ်၊ ဖြုတ်၊ ပြုပြင်မှုများ မပြုရန်၊ မီတာများကိုပြုပြင်၍ ဓာတ်အားခိုးယူမှုမပြုရန်၊ စီးပွားရေးလုပ်ငန်းများလုပ်ကြရာတွင် တပ်ဆင်ထားသည့် မီတာဝန်အားထက်ကျော်လွန်မသုံးစွဲရန်၊ ထပ်ဆင့်ဓာတ်အားဖြန့်ဖြူးခြင်းမပြုရန်၊ စက်မှုသုံးမီတာများတွင် ခွင့်ပြုဝန်အားထက်ကျော်လွန်သုံးစွဲခြင်းမပြုရန်ဟူသည့် စည်းကမ်းချက်များကို လိုက်နာကြရန်လိုသည်။

 

တရားမဝင်ဓာတ်အားသုံးစွဲမှုများ ကင်းရှင်းစေရေးအတွက် ဝန်ကြီးဌာနမှဖွဲ့စည်းထားသည့် စစ်ဆေးရေးအဖွဲ့များဖြင့် စီမံချက်ချမှတ်စစ်ဆေးခြင်း၊ ရှောင်တခင်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပြီးတွေ့ရှိပါက လျှပ်စစ်ဥပဒေနှင့်အညီဓာတ်အားဖြတ်တောက်ခြင်း၊ လျော်ကြေးငွေပေးလျော်စေခြင်း၊ ခံဝန်ကတိလက်မှတ်ရေးထိုးစေခြင်း၊ ကျူးလွန်မှုအပေါ်မူတည်၍ ရဲစခန်းတွင် အမှုဖွင့်ခြင်းစသည်ဖြင့် အရေးယူမှုများပြုလုပ်သည်ဟုသိရသည်။ နှစ်စဉ်တရားမဝင်ဓာတ်အားသုံးစွဲသူများ ထောင်နှင့်ချီ၍စစ်ဆေးတွေ့ရှိရပြီး လျော်ကြေး၊ ဒဏ်ကြေး၊ နစ်နာကြေးတို့မှာလည်း ကျပ်ငွေသန်းပေါင်းထောင်နှင့်ချီ၍ ရရှိခဲ့သည်ကိုတွေ့ရသည်။

 

ပြီးခဲ့သည့်သြဂုတ်လအတွင်း တရားမဝင်လျှပ်စစ်ဓာတ်အားရယူသုံးစွဲမှုများအနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ၇ ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၂ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၂၁ ဦး၊ မကွေးတိုင်းဒေသကြီးတွင် ၁၇ ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၃၂ ဦး၊ ကချင်ပြည်နယ်တွင် ၁ ဦး၊ မွန်ပြည်နယ်တွင် ၂ ဦး၊ ရှမ်းပြည် နယ်တောင်ပိုင်းတွင် ၃ ဦး စုစုပေါင်း ၉၅ ဦး ဖော်ထုတ်တွေ့ရှိခဲ့ရာ တရားမဝင်ဓာတ်အားရယူသုံးစွဲမှုများ ရှိနေဆဲဖြစ်သည်ကို တွေ့ရှိရခြင်းဖြစ်သည်။ တရားမဝင်ဓာတ်အားရယူသုံးစွဲမှုများပြုလုပ်ထားခြင်းအပေါ် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်အသိပေးကြရန်နှင့် ယင်းသို့ အသိပေးလာပါက ဖြေလျှော့ပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါကာလကျော်လွန်ပြီးနောက် တရားမဝင်ဓာတ်အားသုံးစွဲမှုများကို ပင်မထိန်းချုပ်မှုဌာနများမှ စစ်ဆေးတွေ့ရှိပါက အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာက အသိပေးပန်ကြားမှုထုတ်ပြန်ခဲ့ပြီး ဆက်သွယ်အသိပေးလာသူများကို ဖြေလျှော့မှုများဆောင်ရွက်ပေးခဲ့ပြီးချိန်တွင် ဓာတ်အားခိုးယူမှုဆက်လက်ပြုလုပ်နေကြခြင်းပင်ဖြစ်သည်။

 

စက်တင်ဘာ ၃ ရက်တွင် စစ်ဆေးပေါ်ပေါက်ခဲ့သော မှော်ဘီမြောင်းတကာစက်မှုဇုန်ရှိ သံရည်ကျိုလုပ်ငန်းတစ်ခုက မီတာကိုပြုပြင်၍ ဓာတ်အားခိုးယူသုံးစွဲမှုမှာ ဓာတ်အားယူနစ် ၂၃ ဒသမ ၃၆ သန်းရှိခဲ့ပြီး ကျသင့်လျော်ကြေးငွေကျပ် ၁၇ ဒသမ ၁၈၄ ဘီလီယံဖြစ်ရာ နိုင်ငံတော်တွင် နစ်နာဆုံးရှုံးခဲ့သည့် ပမာဏကြီးမားလှသည်ကို တွေ့ရသည်။ အဆိုပါသံရည်ကျိုလုပ်ငန်းအနေဖြင့်လည်း စက်ရုံကို ချက်ချင်းပိတ်သိမ်းခံရပြီး ရဲစခန်းတွင်အမှုဖွင့်အရေးယူခံရမည်ဖြစ်ရာ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ကြရာတွင် ဥပဒေနှင့်အညီလုပ်ကိုင်ဆောင်ရွက်ကြရေးအတွက် သင်ခန်းစာယူဖွယ်ပင်ဖြစ်သည်။

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် Control Center များတွင် နည်းပညာအဆင့်မြှင့်တင်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲမှုများပြုလုပ်ပါက ပေါ်ပေါက်မည်သာဖြစ်သည့်အလျောက် မှန်မှန်ကန်ကန်သုံးစွဲကြရန် လိုသည်။ မိမိတို့နိုင်ငံတွင် ပြည်သူများ၏ ဓာတ်အားလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေရဆဲဖြစ်ရာ လျှပ်စစ်ဓာတ်အားကို စနစ်တကျသုံးစွဲကြရေးနှင့် ဓာတ်အားခိုးယူသုံးစွဲမှုများကိုသိရှိပါက သက်ဆိုင်ရာသို့ဆက်သွယ်သတင်းပေးပို့ကြရေးအတွက် နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။   ။