လန်ဒန်မြို့မှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု ထိန်းချုပ်ရန် တင်းကျပ်တဲ့ စည်းမျဉ်းချမှတ်

၁၅ အောက်တိုဘာ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကူးစက်နှုန်း မြင့်မားနေတဲ့အတွက် ပိုးကူးစက်မှု ရပ်တန့်သွားရန် တင်းကျပ်တဲ့ စည်းမျဉ်တွေ ချမှတ်သွားမယ်လို့ မြို့တော်ဝန် ဆာဒီ ခန် က ဒီနေ့(ကြာသပတေးနေ့) မှာ ကြေညာလိုက်ပါတယ်။

လူဦးရေ ၉ သန်းနီးပါးနေထိုင်တဲ့ လန်ဒန်မြို့ကို ဗိုင်းရပ်စ်ပိုး တားမြစ်မှု အဆင့် ၂ သို့မဟုတ် အမြင့်ဆုံးအဆင့်သို့ တိုးမြှင့်သတ်မှတ်ဖို့ အစိုးရက ဒီနေ့ကြေညာမှာဖြစ်ကြောင်း၊ လန်ဒန်မြို့မှာ နေထိုင်သူတွေ တစ်အိမ်နဲ့တစ်အိမ် မကူးသန်းရေးကို သောကြာနေ့ ညသန်းခေါင်ယံအချိန်မှာ စတင်မယ်လို့ ပြောပါတယ်။

မြို့တော်ဝန် ခန်နဲ့ သူရဲ့ အတိုက်အခံ လေဘာပါတီတို့က ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှု ဒုတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့အတွက် တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုင်တွယ်ရန် အစိုးရကို ဖိအားပေးလျက်ရှိနေပါတယ်။

လေဘာပါတီခေါင်းဆောင် ကီးယား စတာမာ က ဝန်ကြီးချုပ်ဂျွန်ဆင်အား ဗိုင်းရပ်စ်ပိုး ကူးစက်မှု ရပ်တန့်အောင် သီတင်းနှစ်ပတ် အသွားအလာကန့်သတ်မှု (lockdown) ချမှတ်ရန် တိုက်တွန်းနေပါတယ်။

မတ်လက ပြဋ္ဌာန်းခဲ့တဲ့ သုံးလကြာ နေအိမ်မှာပဲနေရန် အမိန့်ကြောင့် နိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးမှာ အကြီးအကျယ် ထိခိုက်မှုရှိခဲ့တွက် ဝန်ကြီးချုပ် ဂျွန်ဆင်က တစ်နိုင်ငံလုံး အသွားအလာကန့်သတ်မှု (lockdown) မလုပ်ရရေးကို တောင့်ခံနေတဲ့အနေအထားမှာ ရှိနေပါတယ်။

ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂၄ နာရီအတွင်း ၁၉,၇၂၄ ဦးရှိပြီး သေဆုံးသူ ၁၃၇ ဦးရှိကြောင်း ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ စုစုပေါင်း ၆၅၄,၆၄၄ ဦးနဲ့ သေဆုံးသူ ၄၃,၁၅၅ ဦးရှိကြောင်း သိရပါတယ်။ 

MDN

ကိုးကား - AFP