လန်းစ်က နာမည်ကြီး ပီအက်စ်ဂျီကို အနိုင်ယူပြီး ပထမဆုံးအကြိမ် ပြင်သစ်စူပါဖလား ဆွတ်ခူး

လန်းစ်အသင်းသည် ဩဂုတ် ၁၇ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ပြင်သစ်စူပါဖလား နောက်ဆုံးဗိုလ်လုပွဲစဉ်တွင် နာမည်ကြီး ပီအက်စ်ဂျီအသင်းကို အနိုင်ယူပြီး ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။

ပီအက်စ်ဂျီအသင်းသည် ဩဂုတ် ၁၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဥရောပစူပါဖလားဗိုလ်လုပွဲတွင် အက်စ်တွန်ဗီလာအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိကာ ဖလားဆွတ်ခူးနိုင်ခဲ့သော်လည်း ယခုပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့ခဲ့သောကြောင့် သီတင်းတစ်ပတ်အတွင်း ဖလားနှစ်လုံးဆွတ်ခူးနိုင်မည့် အခွင့်အရေးနှင့် လွဲချော်ခဲ့သည်။

ပီအက်စ်ဂျီအသင်းသည် ခြေစွမ်းအသာဖြင့် လန်းစ်အသင်းကို ပွဲချိန်အများစု ထိုးဖောက်တိုက်စစ်ဆင် ကစားနိုင်ခဲ့သော်လည်း ပြိုင်ဘက်အသင်း၏ ကျစ်လျစ်သည့် ခံစစ်နှင့် ဂိုးသမား ရိုဘင်ရစ်ဆာ၏ လက်စွမ်းပြ ကာကွယ်မှုများကြောင့် သွင်းဂိုးရရှိခြင်းမရှိခဲ့ပေ။ လန်းစ်အသင်းသည် အသင်းသမိုင်း တစ်လျှောက် ပထမဆုံးအကြိမ် ပြင်သစ်စူပါဖလား ဆွတ်ခူးနိုင်ခဲ့သည့်အပြင် နည်းပြ ဒီနိုတော့ပ် မိုလာအတွက်လည်း ပထမဆုံးအကြိမ် တရားဝင်တာဝန်ယူကိုင်တွယ်သည့် ပွဲစဉ်တွင် ဖလားဆွတ်ခူး နိုင်ခဲ့ခြင်းဖြစ်သည်။

လန်းစ်အသင်းအတွက်   တစ်လုံးတည်းသော အနိုင်ဂိုးကို   ပွဲချိန် ၃၂  မိနစ်တွင် မက်သရူးယူဒိုလ်၏   ဖန်တီးမှုမှ အသင်းခေါင်းဆောင် ဖလော်ရီယန်သိုဗင်က သွင်းယူပေးခဲ့သည်။ ပွဲချိန် ၃၉ မိနစ်တွင် လန်းစ်အသင်းကစားသမား အန်တိုနီယိုနှင့် ပွဲချိန် ၈၆ မိနစ်တွင် ပီအက်စ်ဂျီ အသင်းကစားသမား မန်းဒက်စ်တို့ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။ 

အောင်ဇော်