လမြတ်တန်ဆောင်တိုင် ဆင်နွှဲကြစို့ ပွဲတော်များ


ခိုင်ငြိမ်းချမ်း
 

မိုးအကုန် ဆောင်းအကူး နှင်းရည်လူးသောနေ့များ တွင် ငယ်စဉ်က နှစ်စဉ်အော်ဆိုခဲ့ကြဖူးသည့်" သီတင်းကျွတ် ပွဲတော်ကြီးပြီးတော့.. တန်ဆောင်မုန်း...တန်ဆောင်တိုင်၊ ဆီမီးကမြိုင် မသိုးအလှ မြတ်သင်္ကန်းကပ်ဖို့ ရွှေတိဂုံ ကုန်းတော်မှာ အပြိုင်အဆိုင်” ဟူသော သီချင်းကို ယခု အသက် ၂၀ ရောက်သည်အထိ တန်ဆောင်မုန်းရောက်ချိန် တိုင်း သီဆိုဖြစ်ပါသည်။ ဘာလိုလိုနှင့် ကထိန်သင်္ကန်းများ ကပ်လှူ ရန်အချိန်သို့ပင် ရောက်ခဲ့ပြန်လေပြီတကား။
မဟာအတုလမင်းကြီး၏ လွမ်းချင်းလေးဖြင့် တန်ဆောင်မုန်းလကို ရေးဖွဲ့ထားသည်ကိုကြည့်ပါက-
"မြောက်လေငယ်သွင်းပါလို့
မြူနှင်းငယ်စိုစို
မြင်တိုင်းငယ်ပျိုသည်
ရွှေကျီးညိုတာရာနှင့်
ကြတ္တိကာထွန်းတဲ့လကိုလေး။
တန်ဆောင်ငယ်မာသ ၁၂ လတွင်
ချမ်းမြအေးရင် ဗြိစ္ဆာခွင်သို့
ရက်ငင်ပြောင်းခွာ ခဝဲဝါလည်း
ခိုင်လွှာဝတ်မှုန် ရနံ့သာထုံတော့တယ်
ဘုန်းဂုဏ်ကြော့သမ္ဘာန်မှာ
လှူကထိန်သဘင်ခင်းလို့
ကျင်းကြတယ်လေး။"
ဟူသည့်အတိုင်း ကထိန်အလှူသည် ဤလ၏ အထင်ရှားဆုံး အလှူဖြစ်ပါသည်။ 
ကထိန်ဆိုသည်မှာ ပါဠိပျက်စကားဖြစ်ပြီး အကျိုး ငါးချက် တစ်ပြိုင်နက်ရသော အလုပ်၊ အကျိုးပေးမြဲမြံသော အလုပ်၊ သင်္ကန်းဖြတ်ခြင်း၊ ချုပ်ခြင်း၊ အရောင်ဆိုးခြင်း၊ လှူဒါန်းခြင်းဟူသော အလုပ်အားလုံးမှာ ကထိန်အလုပ်ပင် ဖြစ်ပေသည်။ ကထိန်အလှူတွင် ကထိန်ခင်းရာ၌ သင်္ကန်းကို သာ ခင်းရခြင်းဖြစ်သော်လည်း ရှေးဘိုးဘွား အလှူရှင်များ မှ သဒ္ဓါထက်သန်စွာဖြင့် သံဃာတော်များ အလိုရှိရာ သုံးဆောင်နိုင်စေရန် ရည်သန်လျက် အခြားသော လှူဖွယ် ပစ္စည်းများကို ကထိန်သင်္ကန်း၏ အရံအဖြစ် ပဒေသာပင်များ တွင် သီးပွင့်၍ လှူဒါန်းကြခြင်းဖြစ်သည်။ ယခုအခါ ကထိန် သင်္ကန်း၏ အထိမ်းအမှတ်အဖြစ် ပဒေသာပင်ပုံများကို အသုံးပြုလာကြပါသည်။
တန်ဆောင်တိုင်၏အစ မူလမြစ်ဖျားခံရာ ပွဲတော်သည် နက္ခတ်ပွဲသဘင် ဖြစ်ပါသည်။ လောကီပျော်ရွှင်မှုကို အလေးပေးသော နတ်ပူဇော်ပွဲတစ်မျိုးလည်း ဖြစ်ပါသည်။ ဤနက္ခတ်ပွဲသည် ဘုရားမပွင့်မီ ရှေးကမ္ဘာဦးကတည်းက ရှိခဲ့သောပွဲတော်တစ်ခုသာ ဖြစ်ပါသည်။ တန်ဆောင်တိုင် ပွဲတော်သည် ကထိန်ပွဲတော်ထက် နှစ်ပေါင်းများစွာ ရှေးကျ ပေ၏။ သို့သော် ဗုဒ္ဓဘာသာ မြန်မာတို့သည် ကထိန်ပွဲတော် ကိုသာ တန်ဆောင်မုန်းလပွဲတော်အဖြစ် ပျော်ရွှင်စွာ ဆင်နွှဲ ကျင်းပကြပါသည်။
တန်ဆောင်တိုင်ပွဲ ဆီမီးပူဇော်သည့် ဘုရားကား တာဝတိံသာနတ်ပြည်တွင် ဘုရားအလောင်းဆံတော်ကို ဌာပနာ၍ သိကြားမင်းတည်ထားခဲ့သည့် စူဠာမဏိ စေတီတော်ကို ရည်စူးပူဇော်ခြင်း ဖြစ်သည်ဟု မှတ်သားဖူး ပါသည်။ တန်ဆောင်တိုင် ဆိုသည်မှာ အလင်းရောင်ကို ယူဆောင်ထားသောတိုင်ဟု အဓိပ္ပာယ်ရသည်။ 
ရှေးအခါက မြန်မာလူမျိုးတို့တွင် နတ်ပြည်ရှိ စူဠာမဏိ စေတီအား ဆီမီးပူဇော်သည့် အဓိပ္ပာယ်ပေါ်လွင်ထင်ရှား စေရန် မြင့်မားသောနေရာများပေါ်တွင် ဆီမီးထွန်းညှိ ပူဇော်လေ့ရှိကြသည်။ ထိုသို့ပူဇော်ခြင်းကို ဦးအောင်ကြီး၏ တန်ဆောင်မုန်းလဘွဲ့ လူးတားတွင်..
"ခဝဲပွင့်တုန်း တန်ဆောင်မုန်းကား မချုန်းမိုးသား တိုင်ထိပ်ဖျားတွင် ငါးပါးကျိုးရှိ မီးပွင့်ညှိ၍" ဟု ဆိုထားခြင်း ဖြစ်ပေသည်။ အထက်အညာ မန္တလေး၊ ပြင်ဦးလွင်နှင့် တောင်ကြီးတို့၌ ပို၍စည်ကားသည်။ မီးပုံးပျံတစ်လုံး သိန်းနှစ်ဆယ်၊ သိန်းအစိတ် သုံး၍ စူဠာမုနိမြတ်ဘုရားအား ရည်မှန်းပူဇော်ကြလေသည်။
တန်ဆောင်တိုင်လတွင် ဆေးပေါင်းစုံ၍ ဆေးပေါင်းစုံနတ်များ မဲဇလီပင်စောင့်နတ်ထံ လာကြသည်။ သို့အတွက် မဲဇလီဖူးသုပ်၍ ဓာတ်စာအဖြစ် စားရသည်။ ငယ်ငယ်က ကျီးမနိုးပွဲလုပ်ရင်း မဲဇလီဖူးသုပ် စားရသည်မှာ အလွန်အရသာရှိ၏။ 
မသိုးသင်္ကန်း ကြာသင်္ကန်းကပ်ခြင်း
တန်ဆောင်မုန်းလရောက်လျှင် ရွှေတိဂုံကုန်း၌ ရက်ကန်းခတ်ပြိုင်ကြသည်။ မသိုးသင်္ကန်း၊ ကြာသင်္ကန်းများ ခတ်၍ ရုပ်ပွားတော်များကို ပူဇော်ကြ၏။ ကထိန်လျာ သင်္ကန်းကို မိုးမလင်းမီ ပြီးအောင်ခတ်ရသည်မှာ မလွယ်ကူ။ နေ့ကူးလျှင် သင်္ကန်းသိုးဖြစ်သွား၍ မသိုးသင်္ကန်းဖြစ်အောင် အချိန်မီကြိုးစား ခတ်ကြရသည်။
သာသနာတော်တွင် တန်ဆောင်မုန်းလပြည့်နေ့ကို "သာမညဖလအခါတော်နေ့" ဟုလည်း ခေါ်ဆိုကြပါသည်။ ဖခင်ဗိမ္ဗိသာရကို သတ်ခဲ့မိသော အဇာတသတ်မင်းသည် ဇီဝကသမားတော်၏ အကူအညီဖြင့် ဘုရားထံရောက်ရှိ သွားပြီး ရဟန်းပြုရသည့် အကျိုးကျေးဇူးများကို လျှောက်ထားရာမှ မြတ်စွာဘုရားရှင်က ရဟန်းပြုရသည့် အကျိုး ၁၃ မျိုးကို ရှင်းလင်းဟောကြားတော်မူခဲ့၏။ အဇာတသတ်မင်းသည် "သာမညဖလသုတ္တန် ဒေသနာတော်" ကို ကြားနာပြီးအဆုံးတွင် ရတနာသုံးပါး ကို ကိုးကွယ်ဆည်းကပ်သည့် ဥပသကာအဖြစ်သို့ ရောက်ရှိ ခဲ့လေသည်။ 
ထိုအခါ အဇာတသတ်မင်း၏ အိပ်မပျော်သည့် ရောဂါဝေဒနာ ငြိမ်းအေးသွားခြင်း၊ ဗုဒ္ဓမြတ်စွာ၏ သာသနာတော်၌ အသက်ပေး ကြည်ညိုသူဖြစ်လာခြင်း၊ မဟာအဝီစိငရဲသို့ မကျရောက်တော့ဘဲ လောဟကုမ္ဘီ ငရဲတွင်သာ ကျရောက်ခြင်း၊ နောင်အခါဝိဇိတာဝီ အမည်ဖြင့် ပစ္စေကဗုဒ္ဓဖြစ်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုရမည့် ပုဂ္ဂိုလ် ဖြစ်ခြင်းစသည့် အကျိုးတရားများကို ခံစားရသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို "သာမည ဖလ အခါတော်နေ့" ဟု သတ်မှတ်ဖြစ်ပေါ်လာရခြင်း ဖြစ် ပေသည်။
ထိုသို့ ပွဲတော်အပေါင်း စုံလင်သော တန်ဆောင်မုန်း လတွင် နက္ခတ်စုံချိန်ပညာစမ်းကြသည့်ခိုးကွင်းထားသည့် ပစ္စည်းများယူသော သူခိုးကြီးညသည် မြို့ကြီးပြကြီးများ နှင့်မဆိုင်သော ကျေးလက်တောရွာများတွင် ယနေ့ အချိန်ထိ ရှိနေဆဲပါ။ အဘွားရှိရာကျေးလက်ရွာလေးသို့ ကျွန်မရောက်ရှိချိန်က တိုက်တိုက်ဆိုင်ဆိုင် တန်ဆောင်မုန်း လပြည့်ညဖြစ်ပါသည်။ 
တစ်ရေးနိုးချိန် အိမ်ဘေး ဘူးစင်အောက်တွင် ဦးလေးချက်သော ထူးကဲအနံ့ဖြင့်မွှေးပျံ့နေသည့် ကြက်သားနှင့်ဘူးသီးအရသာကို ယနေ့အချိန်ထိ အမှတ် တရ ရှိနေဆဲပါ။ ထိုနေ့ကသူခိုးကြီးည၏ ကြက်ဘူးဟင်း ဖြစ်တည်လာပုံကို ကျွန်မသိချင်ခဲ့မိသည်။ ထိုသိချင်စိတ် ဖြင့် ကျွန်မစာဖတ်ခဲ့ရာမှ ယခုကဲ့သို့ လမြတ်တန်ဆောင်တိုင် အကြောင်းရေးရာ၌ အထောက်အကူပြုခဲ့ခြင်း ဖြစ်ပါ သည်။ မြိုင်မြိုင်ဆိုင်ဆိုင်လတန်ဆောင်တိုင်သည် ကမ္ဘာ တည်သရွေ့ မြန်မာ့ရိုးရာယဉ်ကျေးမှုအဖြစ် ရှင်သန်နေမည် မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။ ။

ကြေးမုံ