ရန်ကုန် အောက်တိုဘာ ၁၂
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း လမ်းအသုံးပြုသူ ပြည်သူများအနေဖြင့် လမ်းဖြတ်ကူးရာတွင် သတ်မှတ်ထားသည့်နေရာမှ ဖြတ်သန်းခြင်းမပြုပါက အောက်တိုဘာ ၁၂ ရက်မှ စ၍ ထိရောက်စွာ အရေးယူလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီမှ သိရသည်။
စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ လမ်းဖြတ်ကူးရန် သတ်မှတ်ထားသည့် မြေအောက်လမ်း၊ ခုံးကျော်တံတား၊ လူကူးမျဉ်းကျားနှင့် ခွင့်ပြုထားသောနေရာများမှ လမ်းဖြတ်ကူးရမည်ဖြစ်ပြီး စည်းကမ်းလိုက်နာမှု မရှိပါက ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၉၆ အရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်သည်။
“လမ်းဖြတ်ကူးသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ လူကူးမျဉ်းကျား၊ ခုံးကျော်တံတား၊ မြေအောက်လမ်း ကနေ ဖြတ်သန်းဖို့ ပညာပေးကာလအဖြစ် ဆောင်ရွက်ခဲ့ပြီးပါပြီ။ ဒီနေ့ကစပြီး အရေးယူမှု စတင် ဆောင်ရွက် မှာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ပေးလိုတဲ့အတွက် အခုလို ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ကျောက်တံတားမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူးမိုးဝင်းက ပြောသည်။
သက်ဆိုင်ရာမြို့နယ်အလိုက် ယာဉ်ထိန်းတပ်ဖွဲ့များက ပြည်သူများ လူကူးမျဉ်းကျားနှင့် ခုံးကျော် တံတားကို စနစ်တကျဖြတ်သန်းသွားလာ အသုံးပြုကြရန် အသိပညာပေးကာလ သတ်မှတ်ပြီး အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ဆူးလေခုံးကျော်တံတား၊ ပန်းဆိုးတန်းခုံးကျော်တံတား၊ ဗိုလ်တထောင်ဘုရား ခုံးကျော် တံတား၊ စမ်းချောင်းမဟာမြိုင် ခုံးကျော်တံတား၊ လှည်းတန်းခုံးကျော်တံတား၊ ဗိုလ်ချုပ်ဈေးခုံးကျော် တံတားနှင့် ကမ္ဘာအေးဘုရား ခုံးကျော်တံတားတို့တွင် နေ့စဉ် ပြည်သူအများအပြား သွားလာလျက်ရှိပြီး ခုံးကျော်တံတားကို အသုံးမပြုဘဲ တံတားအောက်မှ စည်းကမ်းမဲ့စွာ ဖြတ်သန်းသွားလာမှုကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ၊ လူနှင့်ယာဉ်ထိခိုက်မှုများ ဖြစ်ပွားလေ့ရှိသည့်အတွက် အောက်တိုဘာ ၁၂ ရက်မှ စတင်ကာ သတ်မှတ်စည်းကမ်းများကို လိုက်နာမှု မရှိသူများအား ဒဏ်ငွေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သစ္စာ(MNA)၊ ဓာတ်ပုံ - ဇွဲမာန်


