လမ်းမတော်မြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာရေးဆောင်ရွက်နေမှုစစ်ဆေး

ရန်ကုန် ​ အောက်တိုဘာ ၄

 

လမ်းမတော်မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာရေးအတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျောက်တံတားခရိုင် လမ်းမတော်မြို့နယ် အမှတ်(၆)ရပ်ကွက် (၁၄)လမ်းနှင့် ရွှေတောင်တန်းလမ်း (နောက်ဖေးလမ်းကြား)သို့​ ရောက်ရှိစစ်ဆေးသည်။

 

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် လမ်းမတော်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီသွယ်၊ ကျောက်တံတားခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် ဦးလှသိန်း၊ ကျောက်တံတားခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်ဝင်းနှင့် တာဝန်ရှိသူများသည် လမ်းမတော်မြို့နယ်အတွင်းရှိ နောက်ဖေးလမ်းကြားများ သန့်ရှင်းမှု ရှိ/မရှိ၊ မိလ္လာပိုက်များ ကောင်းမွန်မှု ရှိ/မရှိ၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်မှု ရှိ/မရှိ လိုက်လံစစ်ဆေးဆောင်ရွက်ခြင်း၊ အမှတ်(၃)ရပ်ကွက်၊ လမ်းသစ်လမ်းနှင့် (၈) လမ်းကြားရှိ စံပြဥယျာဉ်နောက်ဖေးလမ်းကြား ပြုလုပ်မည့်နေရာအား စစ်ဆေးသည်။

 

ဆက်လက်၍ မြို့နယ်အတွင်းရှိ နောက်ဖေးလမ်းကြား ၂၂ ခုမှ သန့်ရှင်းရေးပြုလုပ်လျက်ရှိသည့် နောက်ဖေးလမ်းကြားများအား ဆက်လက်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ကျော်ဆန်းမြင့်(ပြန်/ဆက်)