လက်တင်အမေရိက၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အရှိန်မြင့်မားလာသည့်အတွက် ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၇၅၀ဝ၀ ရှိလာ

ရီအိုဒီဂျနေးရိုး ၂ ဇွန်

 

လက်တင်အမေရိက၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဆက်လက်အရှိန်မြင့်မားလျက်ရှိရာ ယခုအခါ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၃၇၅၀ဝ၀ ရှိလာကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ယနေ့ဖော်ပြထားသည်။

 

ဘရာဇီးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၃၀ဝ၀ဝ နီးပါးသေဆုံးခဲ့ခြင်းနှင့်အတူ လက်တင်အမေရိက တစ်ဝန်းလုံးရှိ ကျန်းမာရေးစောင့်ရှောက်မှု စနစ်များသည် ကိုဗစ်-၁၉ ရောဂါဖြင့် လွှမ်းမိုးထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။

 

ထို့အပြင် ဥရောပတိုက်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းတစ်ခု ထပ်မံဖြစ်ပွားနိုင်ဖွယ်ရှိသည်ဟု ပညာရှင်များက သတိပေးထားသော်လည်း စာသင်ကျောင်းများ၊ ရေကူးကန်များ၊ အရက်အဖျော်ယမကာ အရောင်းဆိုင်များနှင့် ခရီးသွားလုပ်ငန်းများကို ကန့်သတ်မှု ထပ်မံဖြေလျှော့သည့်အနေဖြင့် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။

 

၂၀၁၉ ခုနှစ် နှောင်းပိုင်းက တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားသည့် ကိုဗစ်-၁၉ ရောဂါသည် ယခုအခါ ကမ္ဘာ့နိုင်ငံနှင့် ဒေသအများအပြားသို့ ကူးစက်ပြန့်နှံ့သွားပြီး ကမ္ဘာတစ်ဝန်းတွင် အဆိုပါ ရောဂါကူးစက်ခံရသူပေါင်း ၆ ဒသမ ၂ သန်းထက်မနည်း ရှိလာကြောင်း သိရသည်။

 

ကမ္ဘာပေါ်ရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအများဆုံး ၁၀ နိုင်ငံအနက် လေးနိုင်ငံသည် လက်တင်အမေရိကတွင်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အရေးပေါ်ဌာနမှ ညွှန်ကြားရေးမှူး မိခေးလ်ရီယန်က ပြောကြားသည်။

 

လက်တင်အမေရိကရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု အများဆုံးနိုင်ငံလေးနိုင်ငံမှာ ဘရာဇီး၊ ပီရူး၊ ချီလီနှင့် မက္ကဆီကို နိုင်ငံတို့ဖြစ်သည်။ ထို့အပြင် အာဂျင်တီးနား၊ ဘိုလီးဗီးယား၊ ကိုလံဘိုနှင့် ဟေတီနိုင်ငံတို့တွင်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု အလားအလာ မြင့်တက်လာဖွယ်ရှိကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် လက်တင်အမေရိက၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁ သန်းခန့်ရှိပြီး ၎င်းတို့အနက် ၅၀ဝ၀ဝ ကျော်သည် အဆိုပါရောဂါကြောင့် သေဆုံးသွားကြောင်း သိရသည်။

 

ဘရာဇီးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေသည် လက်တင်အမေရိကတစ်ဝန်းလုံးရှိ ရောဂါ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း၏ ထက်ဝက်ကျော်ရှိသလို လက်တင်အမေရိကရှိ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း၏ ၆၀ ရာခိုင်နှုန်းနီးပါးရှိကြောင်း သိရသည်။

 

ကိုးကား - အေအက်ဖ်ပီ

ဘာသာပြန် - ဂျေတီ