လက်တွဲညီညီ ပူးပေါင်းလို့ ခွေးရူးရောဂါ တိုက်ဖျက်စို့

ခွေးရူးရောဂါသည် ၁၀၀ ရာခိုင်နှုန်း ကြိုတင်ကာကွယ်နိုင်သည့် ရောဂါဖြစ်သကဲ့သို့ လူနှင့် တိရစ္ဆာန်တို့တွင် ရောဂါပိုးကူးစက်ခံရပြီး ရောဂါလက္ခဏာများ စတင်ပြသလာကာ ခွေးရူးရောဂါဖြစ်ပွားပါကလည်း ၁၀၀ ရာခိုင်နှုန်းသေဆုံးနိုင်သည့် ရောဂါဖြစ်သည်။ ခွေးရူးရောဂါကာကွယ်ဆေးကို ပြင်သစ်လူမျိုးပညာရှင် လူးဝစ် ပါစတာက ၁၈၈၅ ခုနှစ်တွင် အောင်မြင်စွာတီထွင်နိုင်ခဲ့ရာ ၎င်းအား ဂုဏ်ပြုသောအားဖြင့် ၎င်းကွယ်လွန်ခဲ့သည့် စက်တင်ဘာ ၂၈ ရက်နေ့ကို “ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ (World Rabies Day)” အဖြစ် သတ်မှတ်ခဲ့သည်။ ယင်းနောက် ၂၀၀၇ ခုနှစ်မှစကာ ခွေးရူးရောဂါ ကာကွယ်တားဆီးရေး လှုံ့ဆော်ပညာပေးရန်ဟူသော ရည်ရွယ်ချက်ဖြင့် ကမ္ဘာတစ်ဝန်း ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေး ရက်သတ္တပတ်လှုပ်ရှားမှုများကို ကျင်းပလာခဲ့ကြသည်။

 

ခွေးရူးရောဂါသည် လူအပါအဝင် ခွေး၊ ကြောင်၊ မြေခွေး စသည့် နို့တိုက်သတ္တဝါအားလုံးတွင် ကူးစက်ဖြစ်ပွားနိုင်သည့် ရောဂါဖြစ်သည်။ လင်းနို့များသည်လည်း ခွေးရူးရောဂါပိုးသယ်ဆောင်သည့် သတ္တဝါများဖြစ်သည်ကို တွေ့ရသည်။ လူတွင်ဖြစ်ပွားသည့် ခွေးရူးရောဂါကူးစက်ဖြစ်ပွားမှု၏ ၉၉ ရာခိုင်နှုန်းသောအကြောင်းရင်းခံမှာ ခွေးရူးကိုက် ခံရခြင်းကြောင့်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် ခွေးရူးပြန်ရောဂါကြောင့် လူ ၅၉၀၀၀ ခန့် သေဆုံးလျက်ရှိရာ ၉ မိနစ်တိုင်းတွင် လူတစ်ဦးနှုန်း ခွေးရူးရောဂါကြောင့် သေဆုံးနေရသည့် သဘောပင်ဖြစ်ပြီး အမှန်တကယ်သေဆုံးမှုမှာ အဆိုပါကိန်းဂဏန်းများထက် များစွာပိုမည်ဟုဆိုသည်။

 

ကမ္ဘာပေါ်တွင် ခွေးရူးရောဂါ အမြစ်ပြတ်တိုက်ဖျက်နိုင်ခဲ့သည့် နိုင်ငံများရှိနေပြီဖြစ်သော်လည်း အာရှနှင့်အာဖရိကရှိ ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားတွင် ခွေးရူးရောဂါဗိုင်းရပ်စ် ဆက်လက်ရှိနေဆဲဖြစ်သည်။ သို့ဖြစ်ရာ ခွေးရူးရောဂါကြောင့် သေဆုံးသူ ၉၅ ရာခိုင်နှုန်း ကျော်မှာ အာရှနှင့်အာဖရိကတွင် နေထိုင်ကြသူများဖြစ်သည်။ တစ်ဖန် ခွေးရူးရောဂါကြောင့် သေဆုံးသူ ၄ဝ ရာခိုင်နှုန်းမှာ အသက် ၁၅ နှစ်အောက် ကလေးငယ်များဖြစ်သည်။ အသက် ၄ နှစ်မှ ၁၅ နှစ်ကြား ကလေးများသည် ခွေးကိုက်ခံရမှုအများဆုံးဖြစ်သလို ခွေးရူးရောဂါကြောင့် သေဆုံးရမှုလည်းများသည်။

 

မြန်မာနိုင်ငံတွင် ၂ဝဝဝ ပြည့်နှစ်မတိုင်မီက နှစ်စဉ် လူ ၁၁၀၀ ခန့် ခွေးရူးရောဂါကြောင့် သေဆုံးရသည်ဟုခန့်မှန်းခဲ့ပြီး ကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက် သေဆုံးမှုနှုန်းအမြင့်မားဆုံးနိုင်ငံဖြစ်ခဲ့သည်။ ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် ခွေးရူးရောဂါဖြင့် သေဆုံးသူဦးရေ ၁၀၀ အောက်သို့ လျော့ကျလာခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်က ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ ၁၁၃ ဦးအထိရှိခဲ့ရာ ပြန်လည်များပြားလာသည်ကို တွေ့ရခြင်းပင်ဖြစ်သည်။

 

ခွေးကိုက်ခံရပါက အနာကို ချက်ချင်းရေသန့်သန့်၊ ဆပ်ပြာတို့ဖြင့် အချိန် ၁၅ မိနစ်ကြာအောင် ဆေးကြောသန့်စင်ရန်၊ ဒဏ်ရာကိုဆေးကြောသန့်စင်ပြီးနောက် နီးစပ်ရာဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနတို့တွင် ခွေးရူးပြန်ကာကွယ်ဆေး (Post- Exposure Prophylaxis - PEP) မဖြစ်မနေထိုးနှံပေးရန်လိုအပ်သည်။ ကိုက်သည့်ခွေးသည် ခွေးရူးပြန်ရောဂါလက္ခဏာမပြသည့်တိုင် ၎င်း၏ သွားရည်ထဲတွင် ခွေးရူးပြန်ရောဂါဗိုင်းရပ်စ် ပါရှိနေနိုင်ခြင်းကြောင့် ကာကွယ်ဆေးကို တတ်နိုင်သမျှ ဆောလျင်စွာထိုးနှံကြရန်နှင့် ခွေးရူးပြန်ရောဂါသည် ကာကွယ်ဆေးမှတစ်ပါး ဆေးမြီးတိုများအပါအဝင် အခြားမည်သည့် ကုသနည်းများနှင့်မျှ အချိန်မကုန်စေရန် ကျန်းမာရေးပညာရှင်များက အသိပေးတိုက်တွန်းထားသည်။

 

ခွေးရူးရောဂါကို ကြိုတင်ကာကွယ်နိုင်ရန် မိမိတို့၏ အိမ်မွေးတိရစ္ဆာန် ခွေး၊ ကြောင်များကို ခွေးရူးရောဂါကာကွယ်ဆေး နှစ်စဉ် ပုံမှန်ထိုးနှံပေးရန်လိုသည်။ မိမိတို့၏ အိမ်မွေးခွေးများကို ပြင်ပခွေးများနှင့် မထိတွေ့စေရန် လှောင်အိမ်၊ ဝင်းခြံများနှင့် လုံခြုံစွာမွေးမြူကြရမည်ဖြစ်သည်။ ၎င်းတို့အား ပြင်ပသို့ခေါ်ဆောင်သွားသည့်အခါ သို့မဟုတ် လွှတ်ကျောင်းခြင်း၊ လမ်းလျှောက်ခြင်းတို့ပြုလုပ်သည့်အခါတွင် လေလွင့်ခွေးများနှင့် မထိတွေ့စေရန် ခွေးချည်ကြိုးဖြင့် သေချာစွာချည်နှောင်ပြီးမှ ခေါ်ဆောင်သွားကြရန်လိုသည်။ ခွေးရူးပြန်ရောဂါအဖြစ်များသည့်ဒေသတွင် နေထိုင်နေရပြီး ခွေး၊ ကြောင် တိရစ္ဆာန်များနှင့် ထိတွေ့နေရသူများမှာ ခွေးရူးပြန်ကြိုတင်ကာကွယ်ဆေးကို ထိုးနှံထားသင့်ကြောင်းလည်း ပညာရှင်များက အသိပညာဖြန့်ဝေထားသည်။

 

မိမိတို့နိုင်ငံသည် “၂၀၃၀ ပြည့်နှစ်တွင် ခွေးရူးရောဂါကြောင့် သေဆုံးသူ မရှိစေရ - Zero by 30” ရည်မှန်းချက်ကို အကောင်အထည်ဖော်လျက်ရှိရာ ပြည်သူလူထုကျန်းမာရေး၊ တိရစ္ဆာန်ကျန်းမာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးကဏ္ဍအသီးသီးတို့မှ သက်ဆိုင်ရာအဖွဲ့အစည်းများက လက်တွဲညီညီပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ ပြည်သူတစ်ရပ်လုံးကလည်း ခွေးရူးရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် နိုးကြားတက်ကြွစွာ ပါဝင်ကြရပါမည့်အကြောင်း။ ။